
ရန်ကုန်တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများဖြစ်သည့် အကြော်ဖိုများ၊ စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် လဘက်ရည်ဆိုင်များ အပါအဝင် ဆိုင်သေးများအတွက် ခွဲတမ်းရရှိသည့် စက်မှုလုပ်ငန်းသုံးမှ စားအုန်းဆီအား ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။
သြဂုတ် ၁၈ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမင်းသိန်းထွန်းက MSME လုပ်ငန်းများဖြစ်သည့် အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် လဘက်ရည်ဆိုင်များသို့ စားသုံးဆီ အပြည့်အဝရရှိရေးနှင့် စားသုံးဆီကို အခြား မီးဖိုဆောင်သုံးပစ္စည်းများနည်းတူ မထိန်းချုပ်ဘဲ ဈေးကွက်စီးပွားရေးစနစ်အတိုင်းသာ ဆောင်ရွက်ပေးရေးနှင့် စပ်လျဉ်းသည့်မေးခွန်း မေးမြန်းခဲ့ပြီး အဆိုပါ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရက စားသုံးဆီကို လုံလောက်စွာချပေးသော်လည်း ဆီဖြန့်ဖြူးသူ ကိုယ်စားလှယ်အများစုမှာ ရရှိသည့် ဆီခွဲတမ်းကို ပြည်သူများဆီသို့ အပြည့်အဝမရောင်းချခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆီမထုတ်ယူသူများရှိခြင်း၊ စားသုံးဆီ ထုတ်ယူရန်မလိုသော အိမ်ထောင်စုများရှိခြင်း၊ သတ်မှတ်ရက်ကျော်လွန်လျှင် မရောင်းချပေးခြင်းတို့ကြောင့် ပိုလျံဆီများရှိနေကြောင်း ဦးမင်းသိန်းထွန်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။
၎င်းပိုလျံဆီများကို စည်းကမ်းချိုးဖောက်၍ ဈေးကွက်ထဲသို့ သတ်မှတ်ဈေးနှုန်းမဟုတ်ဘဲ ပြင်ပပေါက်ဈေးနှုန်းဖြင့်သာ ရောင်းချခြင်းကြောင့် အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိသည်ကို လေ့လာသိရှိရပြီး ယင်းအတွက်ကြောင့် ဆီကိုယ်စားလှယ်ဖြစ်ချင်သူများ များပြားလျက်ရှိသည်ကိုလည်း တွေ့ရှိနေရကြောင်း ဦးမင်းသိန်းထွန်းက ပြောကြားသည်။
“နိုင်ငံတော်မှ အများပြည်သူအတွက် စေတနာထား ဆောင်ရွက်သော်လည်း ဆီကိုယ်စားလှယ်အများစု၏ စည်းကမ်းမလိုက်နာမှုများကြောင့် ပေးကား ပေး၏ ပြည်သူမှာ အပြည့်အဝမရရှိဘဲဖြစ်နေပါတယ်။ ကျွန်တော့်အနေဖြင့် အခုအခါ ပြည်သူအများစုမှာ ပြင်ပပေါက်ဈေးနှုန်းဖြင့် စားသုံးဆီဝယ်စားနေရခြင်း၊ အမှန်တကယ် လိုအပ်လျက်ရှိသော MSME လုပ်ငန်းများ အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ဆီဝယ်ရခက်ခဲခြင်း၊ စားသုံးဆီဝယ်ယူသူ ပြည်သူများ အကျိုးဖြစ်ထွန်းမှုနည်းပြီး ဆီကိုယ်စားလှယ်များသာ အကျိုးဖြစ်ထွန်းမှု များလွန်းနေခြင်းများကြောင့် စားသုံးဆီဈေးနှုန်းကို မထိန်းချုပ်ဘဲ ဈေးကွက်စီးပွားရေးစနစ်အတိုင်းသာ ထားရှိသင့်ပါတယ်။ အစိုးရ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းမှာ တစ်ပိဿာ ၇,၈၀၀ ကျပ်ဖြစ်ပြီး လက်ရှိ ပြင်ပပေါက်ဈေးနှုန်းမှာ တစ်ပိဿာ ၁၆,၀၀၀ ဖြစ်လျက်ရှိနေပါတယ်”ဟု ဦးမင်းသိန်းထွန်းက ပြောကြားသည်။
ထို့ကြောင့် လက်ရှိ စားသုံးဆီ ဖြန့်ဖြူးနေသည့်စနစ်တွင် အမှန်တကယ်လိုအပ်လျက်ရှိသော MSME လုပ်ငန်းများဖြစ်သည့် အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များသို့ ဆီကိုယ်စားလှယ်များမှ ဖြန့်ဖြူးရောင်းချရာတွင် အပြည့်အဝမရရှိပါသဖြင့် အပြည့်အဝရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စားသုံးဆီဈေးနှုန်းကို အခြား မီးဖိုချောင်သုံးပစ္စည်းများနည်းတူ မထိန်းချုပ်ဘဲ ဈေးကွက်စီးပွားရေးစနစ်အတိုင်းသာ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း ဦးမင်းသိန်းထွန်းက မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်၊ ကြီး၊ ငယ်၊ လတ် လုပ်ငန်းများအတွက် စားအုန်းဆီ လျှောက်ထားမှုများအား မြန်မာနိုင်ငံ စားသုံးကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှလည်းကောင်း၊ ဟိုတယ်လုပ်ငန်းများအတွက် လျှောက်ထားမှုများအား မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှလည်းကောင်း၊ ပဲခွဲစက်လုပ်ငန်းများအတွက် လျှောက်ထားမှုများအား မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှလည်းကောင်း၊ စက်မှုလုပ်ငန်းများအတွက် လျှောက်ထားမှုများကို မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှလည်းကောင်း စက်မှုလုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီ လျှောက်ထားမှုများအား သတ်မှတ်စံနှုန်း Criteria များအတိုင်း စိစစ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဆိုင်သေးများအတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ၂,၄၉၀ ပီပါ၊ တန်ချိန်အားဖြင့် ၄၄၇ ဒသမ ၂၆ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။
“ယခုအခါမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အမှန်တကယ်လိုအပ်လျက်ရှိသော MSME လုပ်ငန်းများဖြစ်တဲ့ အကြော်ဖိုများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင် အပါအဝင် ဆိုင်သေးများကိုလည်း ခွဲတမ်းရရှိသည့် စက်မှုလုပ်ငန်းသုံးမှ စားအုန်းဆီ ကိုတာထဲမှ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။
စားသုံးဆီတင်သွင်းမှုများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ခွဲတမ်းစနစ် ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးဆီသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်စည်ထဲတွင် ပါဝင်ပြီး နိုင်ငံတော်၏ မူဝါဒအတိုင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည့်အတွက် စားသုံးဆီကို အခြား မီးဖိုချောင်သုံးပစ္စည်းများနည်းတူ မထိန်းချုပ်ဘဲ ဈေးကွက်စီးပွားရေးစနစ်အတိုင်းသာ ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ဒေါက်တာမေသန်းနွယ်က ပြောကြားသည်။