
မြန်မာ့မီးရထား၏ ORTP Website မှတစ်ဆင့် ရထားလက်မှတ်ဝယ်ယူမည့် ခရီးသည်များအနေဖြင့် ငွေပေးချေမှုအဆင့်တွင် “Pending” ဟု ပြသနေပါက ငွေနှစ်ကြိမ် ဖြတ်တောက်ခံရမှု မဖြစ်ပေါ်စေရန်အတွက် စိုးရိမ်တကြီးဖြင့် ချက်ချင်းထပ်မံငွေပေးချေခြင်းမပြုဘဲ ခေတ္တစောင့်ဆိုင်းပေးရန် မြန်မာ့မီးမီးရထား ORTP ဌာနမှ ထုတ်ပြန် အသိပေးထားကြောင်း သိရသည်။
ORTP Website တွင် ရထားလက်မှတ်ဝယ်ယူရာ၌ ငွေပေးချေမှုအဆင့်၌ ""Pending"" (ဆိုင်းငံ့နေသည်) ဟု ပြသနေပါက အမှားအယွင်းမဖြစ်စေရန်အတွက် ဘဏ်စနစ်နှင့် အင်တာနက်လိုင်း ကြန့်ကြာမှုများကြောင့် ဖြစ်နိုင်သဖြင့် စိတ်ရှည်ရှည်ထား၍ စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်အထိ ခေတ္တစောင့်ဆိုင်းပေးရန်၊ ငွေနှစ်ခါ ဖြတ်တောက်ခံရမှု မဖြစ်ပေါ်စေရန် ""Pending"" ဖြစ်နေစဉ်အတွင်း နောက်တစ်ကြိမ် ထပ်မံ၍ ငွေပေးချေခြင်း (Do not pay again) ကို လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့်အကယ်၍ အချိန်ကြာမြင့်စွာ Pending ဖြစ်နေပါက သို့မဟုတ် ငွေပေးချေမှု အောင်မြင်သွားသော်လည်း လက်မှတ်မရရှိပါက ORTP Hotline - 1188 သို့ ချက်ချင်း ဆက်သွယ် အကူအညီ ရယူနိုင်ကြောင်း ORTP ဌာနမှ သတိပေး ထုတ်ပြန်ထားသည်။
အလားတူ မြန်မာ့ရထားစီး ခရီးသည်များအားလုံး ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာ ခရီးသွားနိုင်ရေးအတွက် ခရီးသည်များအနေဖြင့် ရထားပေါ်ရှိ အရေးပေါ်ကိရိယာများကို ခိုင်လုံသောအကြောင်းမရှိဘဲ အသုံးမပြုရန်၊ ဆက်သွယ်ရေးစနစ်နှင့် ပစ္စည်းကိရိယာများကို နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုရန်၊ ရထားစတင်ထွက်ခွာချိန်တွင် ခုန်တက်ခြင်းနှင့် ရထားမရပ်မီ ခုန်ဆင်းခြင်း မပြုရန် ၊ ရထားအမိုးအကာ ခြေနင်း တွဲများအကြားနှင့် ခွင့်ပြုချက်မရှိသည့် နေရာများတွင် စီးနင်းခြင်းမပြုရန်၊ အခြားခရီးသည်များအား စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်းမပြုရန်၊ တာဝန်ရှိရထားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်ခြင်းမပြုရန်၊ တားဆီးခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်းတို့ မပြုလုပ်ရန်၊ရထားလမ်းနှင့် ကားလမ်းဖြတ်သန်းသည့်နေရာများတွင်လည်း ရထားလာချိန် ဂိတ်ပိတ်ထားခြင်းကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်းနှင့် ရထားဖြတ်သန်းပြီးနောက် ဂိတ်ဖွင့်ထားခြင်းကို မိမိသဘောဖြင့် ပြန်လည်ပိတ်ခြင်း မပြုရန် နှင့် ဆေးလိပ်သောက်ခွင့်မရှိသည့် ဘူတာနေရာများနှင့် ရထားတွဲများပေါ်တွင် ဆေးလိပ်မသောက်ရန် စသည့် ရထားစီးနင်းစဉ် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း မေတ္တာရပ်ခံ သတိပေးထားကြောင်း သိရသည်။
အဆိုပါ စည်းကမ်းချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရနိုင်ကြောင်း အသိပေးထားသည်။
လတ်တလောတွင် မြန်မာ့မီးရထားမှ ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန် -မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် မီးရထားလမ်းပိုင်းတို့တွင် ORTP စနစ်ဖြင့် အွန်လိုင်းမှလက်မှတ်ဝယ်နိုင်သည့် အဆင့်မြင့် ခရိီးသည်စီးရထားများဖြစ်သည့် DEMU အမြန်ရထား (အမြန်ဆန်ဆုံးနှင့် အခေတ်မီဆုံး)၊ AAR ရထားတွဲဆိုင်း (အကြံ့ခိုင်ဆုံး)နှင့် လေအိတ်ရထား / Airbag Trains (အငြိမ့်ညောင်းဆုံး) စသည့်ရထားများပြေးဆွဲပေးလျှက်ရှိပြီး ရထားစီး ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်နှင့် လိုက်ဖက်သည့် ရထားအမျိုးအစားကို ရွေးချယ်နိုင်ရန် ရထားအမျိုးအစားများ၏ ကွာခြားချက်များကိုလည်း အသိပေးထားကြောင်း သိရသည်။