
ယာဉ်တိုက်မှုများ၊ ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားနေသည့် သထုံမြို့ ရန်ကုန် - မော်လမြိုင် ကားလမ်းအပိုင်းအား မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် လိုအပ်နေကြောင်း မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
သထုံမြို့မှာ ရန်ကုန် - မော်လမြိုင် ကားလမ်းနှင့် ရန်ကုန် - ဘားအံ ကားလမ်းဆုံသည့် မြို့ဖြစ်နေသည့်အပြင် မြို့တွင်းလမ်းများ ကျဉ်းမြောင်းနေသည့်အတွက် တွဲကားကြီးများ၊ ကုန်တင်ယာဉ်ကြီးများ၊ ဆီဘောက်ဆာယာဉ်ကြီးများ အပါအဝင် ခရီးသည်တင် မှန်လုံယာဉ်များ အခြား ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများ နေ့စဉ်သွားလာနေကြရာ ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားနေသည့်အပြင် ယာဉ်တိုက်မှုများနှင့် ယာဉ်မတော်တဆမှုများ နေ့စဉ်လိုလိုဖြစ်ပွားနေကြောင်း သထုံမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “သထုံမြို့တွင်းလမ်းတွေက အဝေးပြေးလမ်းဆိုပေမယ့် ယာဉ်နှစ်စီးစာလောက်ပဲရှိတော့ လမ်းတွေက ကျဉ်းပါတယ်။ အဲ့ဒီအပြင် ကားကြီးတွေက အရှိန်နဲ့ မောင်းနှင်နေကြတော့ မြို့ခံတွေအနေနဲ့က ယာဉ်အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေကြရတယ်” ဟု ပြောကြားသည်။
သထုံမြို့ရှောင်လမ်းအား ဖောက်လုပ်နိုင်ပါက မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု လျော့ပါးသွားနိုင်သည့်အပြင် ယာဉ်မတော်တဆမှုများလည်း လျော့ပါးသွားနိုင်ကြောင်းနှင့် မြို့ခံပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းကင်းဖြင့် သွားလာနိုင်ကြမည်ဖြစ်ကြောင်း ၎င်းမြို့ခံက ဆိုသည်။
ထို့သို့ သထုံမြို့အား မြို့ရှောင်လမ်းဖောက်လုပ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇွန် ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် သထုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူက သထုံမြို့၊ မြို့ရှောင်လမ်းအား ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ မရှိ မေးခွန်းမေးမြန်းခဲ့သေးသည်။
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်မှအစပြု၍ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့မှ သထုံမြို့ရှောင်လမ်းအား ပြုလုပ်ရန်အတွက် တိုင်းတာမှုများ၊ ကွင်းဆင်းစိစစ်မှုများ အားလုံးဆောင်ရွက်ခဲ့ပြီး ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သထုံမြို့ရှောင်လမ်းအား ဆောင်ရွက်ပေးမယ်ဟုလည်း ကတိပြုခဲ့ကြပါကြောင်း၊ သို့ပါသော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်းနှင့် လက်ရှိ သထုံမြို့တွင် ယာဉ်ရှုပ်ထွေးမှု ယာဉ်အန္တရယ်ရှိမှုတို့ဖြစ်ပေါ်လျှက်ရှိပါကြောင်း ဒေါ်လေးမိုးသူက မွန်ပြည်နယ်လွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြီး “ကျောင်းဖွင့်ရာသီများမှာ ကလေးများအတွက် အန္တရာယ်ပိုကြီးပါတယ်။ မိဘများမှလည်း ရင်တမမနဲ့ သားသမီးများ ကျောင်းအကြိုအပို့ ဆောင်ရွက်နေကြရလျှက်ရှိပါတယ်။ သထုံမြို့အတွက် မြို့ရှောင်လမ်းမှာ မရှိမဖြစ်တော့သည့်အခြေအနေသို့ ရောက်ရှိလာပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။
သို့ဖြစ်ပါ၍ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်မှ ယနေ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အထိ ရောက်ရှိနေပြီးဖြစ်ရာ အမှန်တကယ်လိုအပ်နေသည့် သထုံမြို့ရှောင်လမ်းအား ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ မရှိ ဒေါ်လေးမိုးသူက မွန်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။
ဒေါ်လေးမိုးသူ၏ မေးခွန်းမေးမြန်းမှုအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက စီမံကိန်းအသစ်များ ဆောင်ရွက်ရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) အရ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိမှသာ ရံပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။
မြေပြင်ကွင်းဆင်းတိုင်းတာ စိစစ်တင်ပြမှုများအရ သထုံမြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်ရန် လျာထားလမ်းအူကြောင်းမှာ ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ဘုတ်ပြင်း - ကော့သောင်းလမ်း - သထုံမြို့နယ် မိုင်တိုင်အမှတ် (၈၆/၃) – (၈၆/၄) မှ မိုင်တိုင်အမှတ် (၉၂/၃) အနီး (၆ ဒသမ ၇၈) မိုင်ရှည်လျားကြောင်း၊ အဆိုပါ လမ်းအူကြောင်းအား ၄၈ ပေအကျယ်၊ မြေသားတာဘောင်လုပ်ငန်း (၆ ဒသမ ၈) မိုင်၊ (၂၄) ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း (၆ ဒသမ ၇၈) မိုင်၊ (၅၀) ပေအထက် သံကူကွန်ကရစ်တံတား (၂) စင်း၊ (၅၀) ပေအောက် သံကူကွန်ကရစ်တံတား (၁၄) စင်း၊ (၅) ပေ (၅) ပေ၊ ပေ (၆၀) RC Box Culvert (၁၃) စင်း လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၇၈၈၆၅ သန်းကုန်ကျနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဦးဇေယျာဦး၏ ပြောကြားချက်များအရ သိရသည်။
ထို့ပြင် မြို့ရှောင်လမ်း၏ မိုင် ၁/၀ ခန့်တွင်လည်း ရထားသံလမ်းကူး Double Crossing တစ်ခု ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီးဖြစ်သည့်အတွက် လမ်းနယ် (၂၃၀) ပေ အကျယ်တွင် ပါဝင်သွားသော လယ်ယာမြေများ (၁၉၀) ဧကခန့်နှင့် အဆောက်အအုံများအား သက်ဆိုင်ရာဌာနများမှ မြေယာပိုင်ရှင်များနှင့် ညှိနှိုင်းပြီး မြေယာလုပ်ထုံလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဝန်ကြီးဦးဇေယျာဦးက မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။