Eleven Media Group

မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံ ကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် အဏုမြူဓာတ်အားပေး စက်ရုံတည်ဆောက်ရန် စီမံကိန်းသည် နှစ်နိုင်ငံအတွက် အဓိက စီမံကိန်းဖြစ်ကြောင်း ရုရှားသမ္မတ ပြောကြား

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းနှင့်ဘနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွင် စွမ်းအင်ကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍဖြစ်ကြောင်း
ရုရှားသမ္မတမစ္စတာ ဗလာဒီမာ ပူတင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်တို့ သြဂုတ် ၁၈ ရက် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ရုရှား-မြန်မာဆက်ဆံရေးသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုအပေါ်တွင် အခြေခံနေကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် တရားမျှတမှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးစီးပွား ဖြစ်ထွန်းစေမှုတို့အပေါ်တွင် မူတည်ကြောင်း၊ ၁၉၅၀-၁၉၆၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများအတွက် အကူအညီများစွာပေးခဲ့ကြောင်း၊ ဆိုဗီယက်ယူနီယံခေတ် မြန်မာနိုင်ငံတွင် တည်ဆောက်ပေးခဲ့သည့် ကြီးမားသော အခြေခံအဆောက်အုံဖြစ်သည့် ဆေးရုံ၊ တက္ကသိုလ်များသည် ယနေ့အထိ မြန်မာပြည်သူများကို အကျိုးပြုလျက်ရှိသည်ကို အထင်အရှား တွေ့မြင်နိုင်ကြောင်း ပြောကြားသည်။

"အဓိကအနေဖြင့် လက်ရှိအချိန်အထိ ရုရှား-မြန်မာ ဆက်ဆံရေးသည် တိုးတက်ခိုင်မာလျက်ရှိသည်ကို ပြောကြားလိုပါတယ်။ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်သွယ်မှုများ များစွာရှိပါတယ်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအချင်းချင်း စနစ်တကျဆက်သွယ် ဆက်ဆံမှုများ ဆောင်ရွက်နေပါတယ်။ လုံခြုံရေးကောင်စီအကြား၊ ပါလီမန်များအကြား၊ ပါတီများ အကြား တွေ့ဆုံဆွေးနွေးမှုများလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်။ နှစ်နိုင်ငံအကျိုးစီးပွား အတွက် စီမံကိန်းများစွာကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဒီနေ့လည်း ဆွေးနွေး နိုင်ခဲ့ပါတယ်။ နိုင်ငံတကာရေးရာကိစ္စရပ်များကိုလည်း ဒီနေ့ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ ဌာနများအချင်းချင်းအကြား သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ ပါတယ်။ ဆက်လက်ပြီး စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ရုရှားသမ္မတက ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ယုံကြည်မှုရှိသော ခိုင်မာသည့် ငွေပေးချေမှုစနစ်ရှိကြောင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် စွမ်းအင်ကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး စက်ရုံ၊ ရေနံချက်စက်ရုံ စီမံကိန်းများရှိကြောင်း ရုရှားသမ္မတက ပြောကြားသည်။

ရုရှားသမ္မတက"မြန်မာနိုင်ငံတွင် သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ဖို့ အလားအလာများစွာရှိပါတယ်။ အဆိုပါ LNG ကို ပြည်တွင်းအသုံးပြုရေး အပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့လို့ရပါတယ်။ အရင်နှစ်က မြန်မာနိုင်ငံမှာ အဏုမြူဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစီမံကိန်းက နှစ်နိုင်ငံ အတွက် အဓိကစီမံကိန်းလည်း ဖြစ်ပါတယ်။ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာ လည်း စီမံကိန်းအများအပြား ဆောင်ရွက်ဖို့ အလားအလာရှိပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံလည်း တည်ဆောက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းတွင်လည်း ရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်းကို ဆွေးနွေးနေပါတယ်။ High-Tech နယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ Digital နယ်ပယ်၊ Cyber Security အစရှိတဲ့ High-Tech နယ်ပယ်မှာ ရုရှားကုမ္ပဏီများရဲ့အဆိုပြုချက် အစီအစဉ်အများအပြားရှိပါတယ်" ဟု ရုရှားသမ္မတကပြောကြားသည်။

ထို့အတူ အာကာသပူးပေါင်းဆောင်ရွက်မှု၌ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုသည်လည်း နှစ်နိုင်ငံအတွက် အရေးကြီးတဲ့နယ်ပယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဗီဇာ ကင်းလွတ်ခွင့်စနစ်ဖြင့် သိပ္ပံပညာ၊ လူငယ်၊ ခရီးသွား၊ အားကစားသမား အများအပြား အပြန်အလှန် သွားလာနေကြကြောင်း၊ ဗလာဒီဗော့စတော့မြို့သည် ရုရှားဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံး မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ ထို့အပြင် Altai, Kaluga, Moscow ပြည်နယ်များတွင်လည်း မြန်မာယဉ်ကျေးမှုဘာသာရေး Center ဖွင့်လှစ်ထားကြောင်း ရုရှားသမ္မတကဆိုသည်။
အလားတူ မြန်မာနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်မြို့တွင် ရုရှား Orthodox ခရစ်ယာန် ဘုရားကျောင်းဆောက်ဖို့ အတည်ပြုထားကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှားဘာသာစကားကို စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရသည့်အတွက် အလွန်ဝမ်းသာမိကြောင်း၊ ရုရှားဘာသာစကားကို ရန်ကုန်၊ မန္တလေးတက္ကသိုလ်များတွင် သင်ကြားပေးနေပြီး တပ်မတော်အကယ်ဒမီတွင်လည်း သင်ကြား ပေးနေကြောင်း ရုရှားသမ္မတက ပြောကြားသည်။

" မြန်မာနိုင်ငံက ရုရှားဆီက ပရိုဂရမ်ကို ပါဝင်ရန်အစီအစဉ်ရှိပါတယ်။ အခု ရုရှားတက္ကသိုလ်မှာ မြန်မာကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အယောက် ၄၀၀ ရှိပါတယ်။ ရုရှားတက္ကသိုလ်ကနေ အောင်မြင်ပြီးတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူကတော့ ၁၇၀၀၀ ဖြစ်ပါတယ်။ နိုင်ငံတကာ ကိစ္စရပ်များအတွက် ရုရှားနဲ့မြန်မာရဲ့ထင်မြင်ချက်က အလွန်နီးကပ်ပါတယ်။ ရုရှား-မြန်မာက နိုင်ငံတကာအဖွဲ့တွေ ကာကွယ်ရေးဆိုင်ရာနဲ့ ပြည်တွင်းရေးစွက်ဖက်မှုတွေအတွက် အချိန်တိုင်း ကန့်ကွက်နေပါတယ်။ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုက ကောင်းစွာ တိုးတက်နေပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ရုရှား-မြန်မာ စစ်ဘက်လေ့ကျင့်မှု မကြာခဏ ဆောင်ရွက်နေပါတယ်။ ရုရှားရေတပ်သင်္ဘောတွေ မြန်မာပြည်ကို မကြာခဏလာရောက်ခဲ့ပါတယ်။ ဒီနေ့လာရောက်တဲ့ သမ္မတကြီး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင် ပါတယ်" ဟု ရုရှားသမ္မတက ပြောကြားသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်အောင်မြင်မယ်ဟုယုံကြည်ကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးအတွက် အထောက်အကူများစွာပေးမည်ဟု မျှော်လင့်ပါကြောင်း ရုရှားသမ္မတကပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်တွင်မြန်မာ-ရုရှား နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ ၁၂ ခု လက်မှတ်ရေးထိုးခဲ့သည်။

မူရင်းသတင်း — Eleven Media Group