■ မြန်မာ - ရုရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့်နှစ်များကစပြီး အနီးကပ်ဆုံးနှင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
■ မြန်မာနိုင်ငံ၌ ရုရှားနိုင်ငံ၏ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ထပ်မံဖိတ်ခေါ်
နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့်နှစ်များကစပြီး အနီးကပ်ဆုံးနှင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၌ ရုရှားနိုင်ငံ၏ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ထပ်မံဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်တို့ သြဂုတ် ၁၈ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က" ရုရှားသမ္မတကြီး မစ္စတာ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာ ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် အစောဆုံးသံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့နိုင်ငံတွေ ထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ မိတ်ဆွေရင်း၊ မိတ်ဆွေစစ် နိုင်ငံတွေဖြစ်ကြပြီး အပြန်အလှန် နားလည်မှု၊ လေးစားမှုတွေနဲ့ အခြေခံတည်ဆောက်ထားတဲ့ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များကစပြီး မြန်မာ - ရုရှား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာခဏ တွေ့ဆုံဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အတွက်လည်း အဓိကတွန်းအား တစ်ရပ်ဖြစ်ပါတယ်။ သမ္မတကြီး ပူတင်နဲ့ ကျွန်တော်တို့ ယနေ့တွေ့ဆုံမှုဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နေတဲ့ . အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားဖို့အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူထားသည့် ကိစ္စရပ်များ၊ သဘောတူညီချက်များအပေါ်အကောင်အထည်ဖော်မှု အခြေအနေနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာရရှိပြီးသည့်တိုးတက်မှုများကို ထိန်းသိမ်းသွားရန်နှင့် ဆက်လက်တိုးမြှင့်သွားရန်အတွက်လည်း ဆွေးနွေးသဘောတူညီနိုင်ခဲ့ကြောင်းမိမိတို့အနေဖြင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနဲ့ ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ် ပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အလားအလာများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယခုဆိုလျှင် မြန်မာနိုင်ငံတွင် ဥပဒေပြုလွှတ်တော်များလည်း ပေါ်ပေါက်လာပြီဖြစ်၍ မိမိတို့ အစိုးရနှစ်ရပ်အကြားမှာသာမက လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတွေမြှင့်တင်ရန်ကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည်လည်း ယခုနှစ်၊ ဇန်နဝါရီလအတွင်းက စတင်အသက်ဝင်ခဲ့ပြီးဖြစ်သည့်အတွက် ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံပြည်သူများ အကြား ကူးလူးဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတကဆိုသည်။
ထို့အတူ ယခုခရီးစဉ်အတွင်း သဘောတူစာချုပ်/ နားလည်မှုစာချွန်လွှာ (၁၂) ခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးနောက်ထပ်လည်း ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန် အစဉ်ရပ်တည်ထောက်ခံပေးကြသည့် နိုင်ငံများလည်း ဖြစ်ကြကြောင်း၊ မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ်တွင်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး နောင်အနာဂတ်တွငွလည်း နှစ်နိုင်ငံသည် နိုင်ငံတကာ မျက်နှာစာ၌ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က"မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိတဲ့နိုင်ငံဖြစ်တဲ့အပြင် အနီးအနားမှာလည်း ကြီးမားတဲ့ဈေးကွက်ကြီးရှိသလို သဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိပြီး လုပ်သား အင်အားသာမက ကောင်းမွန်ပြီး သမမျှတတဲ့ ရာသီဥတုလည်း ရှိပါတယ်။ ဒါ့အပြင် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းတစ်ခုလည်း ရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ သမ္မတကြီးမှတစ်ဆင့် ထပ်မံဖိတ်ခေါ်လိုပါတယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံနှင့် အစဉ်အလာအရချစ်ကြည်ရင်းနှီးသည့် ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် မိမိအနေဖြင့် ရုရှားသမ္မတကြီး ပူတင်၊ ရုရှားအစိုးရနှင့် ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။