
ယူကရိန်း လွှတ်တော်သည် ယက်ဗ်ဟီနီ ခါမာရာအား ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းကို ဩဂုတ် ၁၉ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။
ဇူလိုင်လအတွင်းက ယခင်ကာကွယ်ကွယ်ရေးဝန်ကြီး မီခေးလို ဖက်ဒိုရော့ဗ်အား ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ခါမာရာကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ခါမာရာသည် လွှတ်တော်အမတ်များကို မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းအနေဖြင့် စစ်ဘက်ဆိုင်ရာ တာဝန်များမှ နှုတ်ထွက်ခဲ့ပြီးဖြစ်သဖြင့် ယခုအခါ အရပ်သားတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်ဟာ အရပ်သားတစ်ဦးအနေနဲ့ သင်တို့ရှေ့မှာ ရှိနေတာ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ တာဝန်နဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ နဲ့အညီ ကျွန်တော့်ကို စစ်ဘက်ဆိုင်ရာ တာဝန်တွေကနေ နှုတ်ထွက်ခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းထောက်လှမ်းရေးအကြီးအကဲအဖြစ် ဇူလိုင်လ ၁၆ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ခါမာရာက ယူကရိန်းအနေဖြင့် စစ်ပွဲအတွင်း နည်းဗျူဟာမြောက် အသာစီးရရှိရေးကို လက်ဆုပ်လက်ကိုင်အရယူရမည်ဖြစ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင် ယူကရိန်းနိုင်ငံထုတ် လက်နက်များနှင့် ပိုမိုဝေးကွာသည့် နေရာများအထိ ပစ်ခတ်နိုင်သော တိုက်ခိုက်မှုများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အလေးပေး ပြောကြားခဲ့သည်။