Eleven Media Group

စာရေးဆရာကြီး မောင်ဆွေသက် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်

စာရေးဆရာကြီး မောင်ဆွေသက် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၉ ရက် ညနေ ၄ နာရီခန့်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

"ဦးလေးသဖွယ် ခင်မင်ရပါသော စာရေးဆရာကြီး မောင်ဆွေသက်@ဦးညွန့်ဆွေ(အသက် ၉၁) ယနေ့ညနေ ၄ နာရီက ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိရပါသည်။ မိသားစုနှင့် ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ အန်ကယ်ကြီး ကောင်းရာသုဂတိလားပါစေခင်‌ဗျာ" ဟု ဆရာကြီး၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက်၏ အမည်ရင်းမှာ ဦးညွန့်ဆွေဖြစ်ပြီး အဖဦးငွေဆိုင်(စာရေးဆရာငွေစိုး)၊ အမိဒေါ်ဆင့်တို့က စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် မွေးဖွားခဲ့သည်။

၁၉၅၄ ခုနှစ် မတ်လတွင် တပ်မတော်ဗိုလ်လောင်းအဖြစ် ဝင်ရောက်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းကျောင်းနည်းပြမှ ဒုတိယတိုင်းမှူး အဆင့်အထိ အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။

ယင်းနောက် ကုန်သွယ်ရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး၊ ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

၁၉၅၁-၁၉၅၂ ခုနှစ်တွင် ကိုယ်တွေ့ စစ်ရေးမှတ်တမ်း၊ သုတ၊ ရသ၊ လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ စာရေးခဲ့ပြီး ၁၉၇၇ ခုနှစ်မှစ၍ မြဝတီမဂ္ဂဇင်းတွင် ဝတ္ထုတိုများ ပြန်လည်ရေးသားသည်။ “မောင်ဆွေငယ်”ဟူသော ကလောင်အမည်နှင့်လည်း စာများ‌ရေးသားခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်သော မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းတွင် ဒုတိယဥက္ကဋ္ဌဖြင့်လည်း ကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နာယကအဖြစ်လည်း‌ကောင်း တာဝန်ယူခဲ့သည်။

ဆရာကြီးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ပထမ အဆင့်)၊ လူမှုထူးချွန်(ပထမအဆင့်)နှင့် ပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆု ရရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့်ခြင်းခံရသည်။

မူရင်းသတင်း — Eleven Media Group