
အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နေအိမ်အပျက်အစီးများအောက်၌ သုံးရက်ကြာပိတ်မိနေသည့် အသက် ၈၄ နှစ်အရွယ် အဘွားအိုတစ်ဦးကို အသက်ရှင်လျက်တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
ဩဂုတ် ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဖလောရက်စ်ကျွန်း၏ ကမ်းလွန်တွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်ကြောင့် လူ ၇၃ ဦးသေဆုံးကာ လူပေါင်း ၉၀၀ ကျော်ဒဏ်ရာရခဲ့ပြီး လူပေါင်း ၆၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီ (BNPB) က ထုတ်ပြန်ခဲ့သည်။
ဖလောရက်စ်ကျွန်း၏ မြောက်ဘက်ရှိ ကျွန်းငယ်တစ်ခုပေါ်တွင် တည်ရှိသော ပေါ်လီနာ ပိုဘီ အမည်ရှိ အဘွားအို၏ နေအိမ်သည်လည်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ သူသည် ပြိုကျခဲ့သည့် ဝါးထရံနံရံများအောက်တွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
၎င်း၏ မိသားစုဝင်များက အဘွားအိုကို ကယ်ဆယ်ရေးသမားများက ကယ်တင်ပြီး ကယ်ဆယ်ရေးစခန်းတစ်ခုခုသို့ ပို့ဆောင်ထားခဲ့လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ဩဂုတ် ၁၈ ရက်တွင် အဘွားအို၏ နေအိမ်ကို လာရောက်ရှာဖွေချိန်တွင် အဘွားအိုကို အသက်ရှင်လျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
"သူက လေဖြတ်ထားတာကြောင့် မလှုပ်ရှားနိုင်သလို စကားလည်း မပြောနိုင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ မိသားစုက သူ့ကို ငလျင်လှုပ်ပြီး လေးရက်မြောက်နေ့ရောက်မှ ရှာဖွေတွေ့ရှိခဲ့တာပါ" ဟု ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ ရူးဒိုးဖတ်စ် ရီဘာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
"အဘွားဟာ ကျန်းမာရေးကောင်းမွန်ပြီး ဘာဒဏ်ရာမှ မရရှိခဲ့ပါဘူး။ ရက်ပေါင်းများစွာ ဘာမှ မစားရ၊ မသောက်ရသေးတဲ့အတွက် နည်းနည်း မောပန်းအားနည်းနေတာပဲ ရှိပါတယ်။ ဒါဟာ အံ့ဩစရာကောင်းတဲ့ ထူးခြားဆန်းကြယ်မှုတစ်ခုပါပဲ" ဟု ရူးဒိုးဖတ်စ်က ပြောသည်။
■ Ref:AFP