
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြား ရေးမှူးချုပ် Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့(သြဂုတ် ၁၉ ရက်) ဒေသစံတော်ချိန်နေ့လည် ၁၂ နာရီခွဲတွင် တည်းခိုရာဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားအာကာသစနစ်များကုမ္ပဏီ(RSS)နှင့် မြန်မာအာကာသအေဂျင်စီတို့အကြား ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး(ERS) ဂြိုဟ်တုဓာတ်ပုံဖမ်း ယူရေး သဘောတူစာချုပ်ချုပ်ဆိုပြီးစီးမှုနှင့် ဒေတာများဖမ်းယူလျက်ရှိမှုအခြေအနေ များ၊ အာကာသအေဂျင်စီနှစ်ခုအကြား တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများထဲမှ ကြီးမားသည့် အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အထောက်အကူဖြစ်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့မှု နှင့်နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း မြန်မာအာကာသအေဂျင်စီနှင့် ROSCOSMOS တို့အကြား အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တု အခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှု စနစ်တိုင်းတာရေးစခန်း (One Way Station)နှင့် ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS)တို့ကိုလက်တွေ့ ပူးပေါင်းအကောင်အထည် ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊ စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံမှ အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြုကာကွယ်ရေး စနစ် (COPAD-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ်တိုင်းတာရေးစခန်း(One Way Station)၊ ကမ္ဘာ့အနီး အာကာသအန္တရာယ်အလိုအလျောက်သတိပေးစနစ်(ASPOS)၊ Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ်တို့ကိုအကောင် အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ နာနိုဂြိုဟ်တုတည်ဆောက်လွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင် အရာရှိချုပ်၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ် ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာသံအမတ်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။