







နေပြည်တော်၊ ဩဂုတ် ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ Memorial Museum of Cosmonautics (အာကာသ မှတ်တမ်းပြတိုက်)သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာနိုင်ငံတော် သမ္မတနှင့်အဖွဲ့ဝင်များအား ပြတိုက်မှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Memorial Museum of Cosmonautics (အာကာသ မှတ်တမ်းပြတိုက်)အတွင်းရှိ ရုရှားနိုင်ငံမှ ပထမဆုံး လွှတ်တင်ခဲ့သည့်ဂြိုလ်တု ပုံတူပြကွက်၊ ယူရီဂါဂါရင်လိုက်ပါခဲ့သည့် အာကာသယာဉ် ပုံစံတူနှင့် ၎င်း၏ဘဝပုံရိပ်ပြခန်း၊ အာကာသယဉ်မှူးဝတ်ဆုံများပြကွက်၊ ကမ္ဘာမြေအား အာကာသမှ ပထမဆုံးမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည့် ကင်မရာကြီးပြကွက်၊ အာကာသယာဉ်များပြကွက်၊ လဆင်းယာဉ်သရုပ်ပြကွက်၊ ကမ္ဘာမြေပေါ်သို့ ကျရောက်ခဲ့ သည့် ဥက္ကာခဲများပြကွက်၊ ဂြိုဟ်တုလွှတ်တင်ရေးစခန်း ပုံစံငယ်များ ပြကွက်များအား ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အာကာသပြတိုက် ဧည့်သည်တော်မှတ် တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်သမ္မတထံ ပြတိုက်တာဝန်ခံက ပြတိုက်မှတ်တမ်းစာအုပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ပြီး နိုင်ငံတော်သမ္မတက လက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်သည်။
အဆိုပါရုရှားနိုင်ငံ မော်စကိုမြို့ရှိ Memorial Museum of Cosmonautics (အာကာသမှတ်တမ်းပြတိုက်) ကို ၁၉၈၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် လူသားတို့၏ အာကာသအောင်နိုင်မှု အထိမ်းအမှတ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းပြတိုက်သည် မော်စကိုမြို့ VDNKh မက်ထရိုဘူတာအနီးရှိ ၁၀၇ မီတာမြင့်သော "Monument to the Conquerors of Space" ဒုံးပျံအထိမ်းအမှတ် ကျောက်တိုင်ကြီး၏ အောက်ခြေတွင်တည်ရှိပြီး ပြတိုက်အတွင်း ဆိုဗီယက်နှင့်ရုရှားတို့၏ အာကာသနည်း ပညာဆိုင်ရာ ပြခန်းများ၊ ကမ္ဘာဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ နာမည်ကျော် အာကာသခွေး Belka နှင့် Strelka တို့၏ ရုပ်ကလာပ်များ အပါအဝင်အာကာသဆိုင်ရာ ပြကွက်ပေါင်း ၈၅,၀၀၀ ကျော်ကို စုံလင်စွာ ခင်းကျင်း ပြသထားသဖြင့် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများမဖြစ်မနေ လာရောက်လေ့လာကြ သည့်နေရာတစ်ခုဖြစ်ကြောင်းသိရှိရသည်။
ယင်းနောက်နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် မော်စကို မြစ်အတွင်း မြစ်တွင်းသွားရှုခင်းကြည့်သင်္ဘောဖြင့် မော်စကိုမြစ်တစ်လျှောက် လိုက်ပါ စီးနင်းကြပြီး မြို့ပြစနစ်တကျဖွံ့ဖြိုးတိုးတက်လျက်ရှိမှုနှင့် သာယာလှပမှုများ၊ မြစ်ကြောင်းများစနစ်တကျထိန်းသိမ်းထားရှိမှု၊ မြစ်ကမ်းတစ်လျှောက်ရှိ မြို့ကွက်များ အလိုက် Green Zone များစနစ်တကျ ဆောင်ရွက်ထားရှိမှု အအခြေနေများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အသက်သွေးကြောဖြစ်ပြီး မြို့ပြ ရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အဓိကအားထားရသည့်မြစ်တစ်ခုဖြစ် ကြောင်း၊ ထို့ပြင်မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘောများနှင့် ကမ်းခြေ ပန်းခြံများရှိခြင်းကြောင့် နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင် နိုင်သည့် သဘာဝအလှအများရှိသော ခရီးသွားလုပ်ငန်းအတွက် အချက်အချာကျသော မြစ်တစ်စင်း ဖြစ်ကြောင်းသတင်းရရှိသည်။
#News #Myanmar