Eleven Media Group

လေးမျက်နှာမြို့နယ်ရှိ ငဝန်တာကျိုးသည့်နေရာတွင် ရေဝင်ရောက်မှုတားဆီးရန် Stand Pipe များရိုက်၍ ကာရံခြင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်

လေးမျက်နှာမြို့နယ်ရှိ ငဝန်တာကျိုးသည့်နေရာတွင် ရေဝင်ရောက်မှုတားဆီးရန် Stand Pipe များရိုက်၍ ကာရံခြင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ကြောင်း သိရသည်။

ယနေ့ (သြဂုတ် ၁၉ ရက်) တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်တို့နှင့်အတူ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေစီးကျော်ဝင်သည့် နေရာတွင် Stand Pipe များရိုက်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာသို့ ရောက်ရှိကြပြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး မြစ်ရေ စီးကျော်ဝင်သည့်နေရာတွင် Stand Pipe များရိုက်၍ ကာရံခြင်းလုပ်ငန်းများဆောင်ရွက်မည့် Stand Pipe အရှည် 12 မီတာ၊ အချင်း 1.35 မီတာ (၈)လုံး ၊ အရှည် 6 မီတာ၊ အချင်း 1.35 မီတာ (၂)လုံး၊ စုစုပေါင်း (၁၀)လုံးအား ရန်ကုန်မြို့မှ ငါးသိုင်းချောင်းမြို့သို့လည်းကောင်း၊ ထိုမှတစ်ဆင့် လေးမျက်နှာမြို့သို့ လည်းကောင်း သယ်ဆောင်လာသည့် တွန်းသင်္ဘာနှင့် Barge ရေယာဉ်သည် ထူပါရုံရေဆိပ်၌ ရောက်ရှိလာမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Stand pipe များရိုက်သွင်းမည့်နေရာသို့ ရောက်ရှိရာ ရိုက်သွင်းထားပြီးဖြစ်သည့် Steel Sheet Pile များ ရေစီးဒဏ်ကို ခံနိုင်ရန်အတွက် Stand Pipe များဖြင့် အားဖြည့်ရိုက်သွင်းဆောင်ရွက်မည့် အခြေအနေများ၊ Stand Pipe အရှည် 12 မီတာ ၊ အချင်း 1.35 မီတာ (၁)လုံးကို Vibro-Hammer စက်ဖြင့် ရိုက်သွင်း၍ အားဖြည့် ကာရံခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် Stand Pipe အတွင်းသဲအိတ်များ ထည့်သွင်း ခြင်းတို့ကို အနီးကပ်လိုက်လံကြည့်ရှုပြီး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်တပ်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၎င်းနောက် ဒုတိယဝန်ကြီးမှ မြစ်ရေတက်သည့်အချိန်တွင် Stand Pipe ကို Vibro-Hammer စက်ဖြင့် ရိုက်သွင်းခြင်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ကို အထူးဦးစားပေးဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက်များရေးဆွဲသွားရန်၊ လိုအပ်သည့်အထောက် အကူပစ္စည်းများ စုဆောင်းထားရှိပြီး စက်၊ယာဉ်/ယန္တရားများဖြစ်သည့် ကရိန်းများ၊ တွန်းသင်္ဘော နှင့် Barge တွဲများ ၊ Vibro-Hammer စသည့် စက်ပစ္စည်းများ အသင့်စီမံဆောင်ရွက်ထားရှိပြီး ရေစီးအားပေါ်မူတည်၍ Stand Pipe များ ရိုက်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများကို အချိန်တိုအတွင်းပြီးစီးရေး စွမ်းစွမ်းတမံဆောင်ရွက်ကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန် ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group