Myanmar National Post

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား



နေပြည်တော်၊ ဩဂုတ် ၂၁

မြန်မာ - ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား ယမန်နေ့ နံနက် ၁၁ နာရီတွင် မင့်စ်မြို့ President ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါမြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဘယ်လာရုစ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Alexander Turchin ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးနှင့် ဘယ်လာရုစ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယကနှင့် အဖွဲ့ဝင်များ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့်တကွ မြန်မာကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်သမ္မတနိုင်ငံမှ နွေးထွေးစွာကြိုဆိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဘယ်လာရုစ် - မြန်မာစီးပွားရေးဖိုရမ်ကို ဖွင့်လှစ်ပေးရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ယခုဖိုရမ်သည် နှစ်နိုင်ငံဆက်ဆံရေး၏ ကောင်းမွန်သောတိုးတက်မှုအရှိန်အဟုန်ကို ထင်ရှားစွာ သက်သေပြနေခြင်းပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအရှိန်အဟုန်မြှင့်တင်တိုးတက်စေရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အထည်အလိပ်နှင့် လူသုံးကုန်စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအသောက်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍ၊ အဆင့်မြင့်နည်းပညာသိပ္ပံနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုများအတွက် တားဆီးကန့်သတ်ချက်မရှိသော ဥပဒေရေးရာပတ်ဝန်းကျင်နှင့် ဘဏ္ဍာရေး၊ ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖန်တီး ခြင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့စီးပွားရေးသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လျက်ရှိပြီး နိုင်ငံများအနေဖြင့် မိမိတို့၏ စီးပွားရေးအင်အားကို မြှင့်တင်ရန်အတွက် အပြန်အလှန်အကျိုးရှိစေမည့် မဟာဗျူဟာမြောက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြကြောင်း။

အထူးသဖြင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား B to B ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ ပူးတွဲစီးပွားရေးစီမံကိန်းများ ဖော်ဆောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်နှင့် အခွင့်အလမ်းများ အပြန်အလှန်မျှဝေခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကို အပြန်အလှန်ဆွေးနွေးဖြေရှင်းခြင်းတို့သည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။

ယနေ့ဖိုရမ်သည် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာနက်ရှိုင်းစေရန်အတွက် အလွန်အရေးပါသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း။


မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် တည်နေရာအရ အလှမ်းဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်ယုံကြည်မှု အပြည့်အဝရှိသည့် မိတ်ဆွေစစ်နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလမှစပြီး သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ယခုအခါ ၂၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် သိသာစွာ တိုးတက်လာသည်ကို အထင်အရှားတွေ့မြင်နိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးသည် “အနီးကပ်ဆုံးအဆင့်” နှင့် “အမြင့်ဆုံးအဆင့်” ရောက်ရှိလာပြီး ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုလည်း မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းသည် သိသာထင်ရှားသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးသာမက နိုင်ငံတကာမျက်နှာစာတွင်လည်း စိန်ခေါ်မှုများရှိသည့်ကာလ၌ပင် ခိုင်မာစွာ အတူယှဉ်တွဲရပ်တည်ပြီး ပံ့ပိုး ကူညီမှုများကို အစဉ်တစိုက်ပေးအပ်ခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။

မျက်မှောက်ခေတ် ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးစိန်ခေါ်မှုများ မြင့်မားနေသည့်ကာလအတွင်း၌ပင် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန်ယုံကြည်မှုတို့ဖြင့် ပိုမိုအားကောင်းခိုင်မာစွာ တိုးမြှင့်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အနာဂတ်တွင်လည်း ယခုထက်ပိုမိုတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ရန်အတွက် မိမိတို့အနေဖြင့် ခိုင်မာသည့်သန္နိဋ္ဌာန် ချမှတ်ထားကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသမိုင်းကောင်းကို အခြေခံပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်အကောင်အထည်ဖော်ရမည့်အချိန်ကို ရောက်ရှိနေပြီဖြစ်ကြောင်း။


နှစ်နိုင်ငံစီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံအထူးစီးပွားရေးဇုန်ဥပဒေတို့နှင့်အညီ အားပေးဖိတ်ခေါ်နေကြောင်း၊ ထို့ပြင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ သဘော တူစာချုပ်များကို လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း မိမိတို့အနေဖြင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် အလွန်အရေးပါသည့်လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။

အထူးသဖြင့် မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

ထို့အတူ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုစေမည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ၊ အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ပို့ကုန်ချေးငွေမူဘောင် သဘောတူညီချက်များအပါအဝင် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်/ စာချွန်လွှာများကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း။

အထူးသဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအပါအဝင် နယ်ပယ်စုံ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်တိုးမြှင့်နိုင်ရန်အတွက် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကိုလည်း ရေးဆွဲအတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းပြမြေပုံထဲတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည့် အစီအစဉ်များအပြင် စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းစသည့်ကဏ္ဍစုံတွင် လက်တွဲဆောင်ရွက် မည့် အသေးစိတ်အစီအစဉ်များလည်း ပါဝင်ကြောင်း။

ထို့ကြောင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တိကျသည့်အချိန်ဇယားနှင့် ရည်မှန်းချက်များအပေါ် အခြေခံကြောင်း ပြသနေပြီး နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု မြှင့်တင်ရန်အတွက် အရေးကြီးသည့် ခြေလှမ်းသစ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအတွင်း၌လည်း ပြည်တွင်းထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများသာမက မူပိုင်ခွင့်ဥပဒေ (၄) ရပ်ကို အပြည့်အဝအကောင်အထည်ဖော်နေပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဖန်တီးထုတ်လုပ်သည့် ထုတ်ကုန်များအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ မူပိုင်ခွင့်ဆိုင်ရာအကာအကွယ်များပါ ရရှိပြီဖြစ်ကြောင်း။


မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေနှင့် လူသားအရင်းအမြစ်

မြန်မာနိုင်ငံ၏ နေပြည်တော်မြို့မှဗဟိုပြုပြီး ကီလိုမီတာ ၄၀၀၀ အချင်းရှိသည့် စက်ဝိုင်းဆွဲကြည့်ပါက ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ဖြစ်သည့် ၄ ဘီလီယံကျော်သည် စက်ဝိုင်းထဲကိုဝင်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေပြီး အရှေ့တောင်အာရှနှင့် အာရှဈေးကွက်နှစ်ခုကို ဆက်သွယ်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့်နိုင်ငံလည်းဖြစ်ကြောင်း။

ထို့ပြင် ဒေသတွင်း ဆက်သွယ်မှုလမ်းကြောင်းများဖြစ်သည့် အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်းကွန်ရက်၊ အရှေ့အနောက်စီးပွားရေးစင်္ကြံ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတို့၏ အလယ်ဗဟိုတွင် တည်ရှိနေကြောင်း၊ မိမိတို့နိုင်ငံလူဦးရေမှာ ၅၁ သန်းရှိပြီး လုပ်ငန်းခွင်ဝင်နိုင်သူ ၆၇ ရာခိုင်နှုန်းရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် မြို့ပြနေထိုင်သူများဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြကြောင်း၊ ကျေးလက်နေလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများကိုအခြေခံသည့် စီးပွားရေးကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ

နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန် ဘယ်လာရုစ်လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သောနေရာတွင် တည်ရှိကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် မဟာဗျူဟာရေးရာများတွင် တည်နေရာအရ အချက်အချာကျပြီး စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာ များစွာရှိသကဲ့သို့ သဘာဝအရင်းအမြစ်လည်း ကြွယ်ဝကြောင်း၊ ပူအိုက်စွတ်စိုသည့် ရာသီဥတုရှိခြင်းကြောင့် ၁၂ လရာသီပတ်လုံး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဆောင်ရွက်နိုင်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် မွေးမြူရေးနည်းပညာမြင့်မားသည့် နိုင်ငံဖြစ်ခြင်းကြောင့် ကြက်၊ ဝက်၊ နွားမွေးမြူရေးများ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ပြီး အိမ်နီးချင်းတရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အခြားအာရှဒေသများကို တင်ပို့ရောင်းချနိုင်ကြောင်း။

မိမိတို့အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် မူဝါဒချမှတ်အကောင်အထည်ဖော်ရာတွင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတု၊ တည်နေရာအားသာချက်များကို အခြေပြုပြီး စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုနိုင်ငံအဖြစ် ဦးတည်ဖော်ဆောင်နေကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများ၊ ဓာတ်မြေဩဇာ၊ လယ်ယာသုံးစက်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ကြောင်း၊ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရန်အတွက် ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် လယ်ယာစိုက်ပျိုးမှု (Farming) မှသည် စားသောက်ကုန်ထုတ်လုပ်မှု (Food Processing) လုပ်ငန်းများအထိ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း။

ထို့ပြင် ဘယ်လာရုစ်၏ အရည်အသွေးမြင့် လယ်ယာသုံးစက်ပစ္စည်းများ၊ စက်ယန္တရားများနှင့် စက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းအသုံးပြုနိုင်မည့် အလားအလာများရှိပြီး မြန်မာနိုင်ငံတွင် ပူးပေါင်းထုတ်လုပ်ရန်အတွက်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လိုကြောင်း၊ နောက်ထပ်အခွင့်အလမ်းတစ်ခုအနေဖြင့် လူသုံးကုန်၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်ရန် အားပေးလျက်ရှိကြောင်း၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် အဆွေတော်တို့အနေဖြင့် အဆိုပါလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိကြောင်း။

ထို့ပြင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဦးစားပေးအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ကြောင့် ခေတ်မီသိုလှောင်ရုံများ၊ အအေးခန်းသိုလှောင်ရုံများ၊ ကုန်စည်ပို့ဆောင်ရေး အခြေခံအဆောက်အအုံများကဲ့သို့ စီးပွားရေးစီမံကိန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း။

ထို့အတူ အစိုးရအနေဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို အားပေးဖိတ်ခေါ်လျက်ရှိပြီး အထူးသဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်အသုံးပြုသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဖိတ်ခေါ်နေကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှ ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံသည် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်စသည့် မြစ်ကြီး လေးစင်းအပြင် မြစ်ချောင်းပေါင်း ၁၀၀၀ ကျော်ရှိပြီး နှစ်စဉ် မိုးရေချိန် ၂၀၀၀-၅၀၀၀ မီလီမီတာ ရွာသွန်းခြင်းကြောင့် ရေအားလျှပ်စစ်ကို ၁၀၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ၄၀-၅၀ ဂစ်ဂါဝပ်အထိ စီးပွားဖြစ်ထုတ်လုပ်နိုင်ကြောင်း၊ ထို့အပြင် အပူပိုင်းဒေသ နေရောင်ခြည်ခါးပတ်ကွင်းအတွင်း တွင်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရောင်ခြည်စွမ်းအင်ကို နှစ်စဉ် ၅၁၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီအထိ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း။

မြန်မာနိုင်ငံ၏ တီကျစ်ဒေသ၊ နမ်းမားဒေသနှင့် မော်လိုက်ဒေသများသည်လည်း ကျောက်မီးသွေးများ ထွက်ရှိရာဒေသများဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့် အဆင့်မြင့်နည်းပညာများ အသုံးပြုပြီး ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုလည်း တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေး ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း။

မိမိတို့အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်နှင့် နည်းပညာဝန်ဆောင်မှုတိုးတက်လာစေရန်အတွက် ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာတွင် နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ ထိုအတွက်လည်း မြန်မာနိုင်ငံအလယ်ပိုင်းတွင်ရှိသည့် ပြင်ဦးလွင်အနီး ဧရိယာ ၄၀၄၇ ဟတ်တာ ကျယ်ဝန်းသည့် ရတနာပုံဆိုက်ဘာစီးတီး ဖွင့်လှစ်ထားရှိပြီး ရာသီမရွေးသွားလာနိုင်သော ကားလမ်းများနှင့် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့် နိုင်ငံတကာအဆင့်မီလေဆိပ်လည်း ဖွင့်လှစ်ထားပြီးဖြစ်ခြင်းကြောင့် ပြည်ပခရီးစဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း။

ထို့ကြောင့် အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု AI အသုံးချမှုများ၊ ဒီဂျစ်တယ်ငွေပေးချေ မှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးတို့တွင် ဘယ်လာရုစ်နိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း။

အဆွေတော်တို့အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစား၊ တိုင်းဒေသကြီး/ပြည်နယ်များ၏အားသာချက်ကို မူတည်ပြီး စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များသာမက လယ်ယာပေါင်းစည်းဇုန်များ၊ စက်မှုစီမံကိန်းများလည်း ထူထောင်ဆောင်ရွက်နိုင်ကြောင်း၊ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး အဆွေတော်တို့သိကြ သည့်အတိုင်း မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် သုံးခုရှိကြောင်း။

ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရာတွင် ရန်ကုန်မြို့အနီးရှိ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ သယ်ယူပို့ဆောင်ရေး အားသာချက်ရှိသည့်အပြင် အခြေခံအဆောက်အအုံပြည့်စုံသည့်အတွက် ပို့ကုန်ဦးစားပေးလုပ်ငန်းများနှင့် ကုန်ထုတ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်းလည်း ပြောကြားလိုကြောင်း၊ ထို့အတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ပူးပေါင်းပြီး စတင်ဆောင်ရွက်လျက်ရှိ သည့် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ဘယ်လာရုစ်နိုင်ငံ၏ အကြီးစားစက်မှုလုပ်ငန်းများ ဖြစ်သည့် တာယာနှင့် အကြီးစားစက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အကြီးစားကုန်တင်ယာဉ်များ ထုတ်လုပ်ခြင်းကို ဆောင်ရွက်ရန်ဖိတ်ခေါ်လိုကြောင်း။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သတ္တုတူးဖော်သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဖိတ်ခေါ်လိုသည့်အပြင် အဆိုပါဒေသသည် ခရီးသွားလုပ်ငန်းအတွက် သင့်လျော်သည့်ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ရှိသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း။


စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းနိုင်မှု

ဘယ်လာရုစ်နိုင်ငံသည် Eurasian Economic Union (EAEU) အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနှင့် EAEU တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံနှင့် EAEU တို့အကြား ပူးပေါင်းဆောင်ရွက်မှုစတင်နိုင်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ASEAN +1 FTA များနှင့် RCEP အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများ၏ ဈေးကွက်များကို ဝင်ရောက်ခွင့်ရရှိပြီး မြန်မာနိုင်ငံမှတင်ပို့မှုများအပေါ် အခွန်သက်သာခွင့်/ ကင်းလွတ်ခွင့်များကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ ဘယ်လာရုစ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အာဆီယံဒေသနှင့် အာရှတိုက်၏ဈေးကွက်ကို ချိတ်ဆက်နိုင်မည်ဖြစ်သကဲ့သို့ ထိုမှတစ်ဆင့်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံ၏ ထုတ်ကုန်များသည်လည်း ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် EAEU အဖွဲ့ဝင်နိုင်ငံများ၏ ကြီးမားသော ဈေးကွက်ကို တံခါးဖွင့်ဝင်ရောက်နိုင်မည့် Win-Win အခြေအနေကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်နိုင်ငံသည် အာရှနှင့် ဥရောပတိုက်ကြီးနှစ်ခု အကြားတွင် ကုန်သွယ်စီးဆင်းမှုအတွက် မဟာဗျူဟာမြောက် အရေးပါသည့် အပြန်အလှန်အကျိုးပြုနိုင်သော တံခါးပေါက်များဖြစ်သည်ကို အလေးအနက် ဆွေးနွေးပြောကြားလိုကြောင်း။

ဘယ်လာရုစ်နိုင်ငံ၏ အားကောင်းခိုင်မာသည့် စက်မှုနှင့်နည်းပညာစွမ်းရည်များကို မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် ပေါင်းစပ်ပြီး နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကို အတူတကွ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစတင်နိုင်ရေး လုပ်ငန်းများအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရေးတို့အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ယခုဖိုရမ်တွင် နှစ်နိုင်ငံစလုံးမှ အထင်ကရစီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များတက်ရောက်နေကြခြင်းဖြစ်သည့်အတွက် ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာသုံးသပ်ပြီး ရေရှည်အကျိုးရှိမည့် ပူးပေါင်းစီမံကိန်းများ ဖော်ဆောင်ကြရန် ဖိတ်ခေါ်လိုကြောင်း၊ မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်လာနိုင်ပြီး ပြည်သူအချင်းချင်း နွေးထွေး သည့် ကူးလူးဆက်သွယ်မှုမှတစ်ဆင့် “အပြန်အလှန် အကျိုးရှိသော မိတ်ဖက်ဆက်ဆံရေး၊ ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု” ကို ဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်း။

ယခုစီးပွားရေးဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံမဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းစာမျက်နှာသစ်ကို အတူတကွဖွင့်လှစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုခရီးလမ်းကို ယုံကြည်မှုအပြည့်နှင့်အတူ လက်တွဲလျှောက်လှမ်းကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post