Myanmar National Post

အမေရိကန်လည်း အကြွေးနွံ ထဲမှာ နစ်ပြီး တစ်ဝဲဝဲလည်နေတာပါပဲ

 


ဩဂုတ် - ၂၀ ( ကြာသပတေးနေ့ ) 

အမေရိကန်ရဲ့ နိုင်ငံတော် ကြွေးမြီဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၄၀ ထရီလီယံ ကျော်သွားခဲ့ပါပြီ။ အတိုးစရိတ်တွေနဲ့ လူမှုဖူလုံရေး သုံးစွဲမှုတွေ မြင့်တက်လာတာကြောင့် ၁၀ နှစ်မပြည့်သေးတဲ့ အချိန်အတွင်း မှာတင် ကြွေးမြီက နှစ်ဆနီးပါး ပိုများလာပြီး အစိုးရ ဘတ်ဂျက်ပေါ်မှာလည်း ဖိအားတွေ အများကြီး ပေးလာနေပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ စုစုပေါင်း အများပြည်သူဆိုင်ရာ ကြွေးမြီဟာ ဒေါ်လာ ၄၀.၀၄၇ ထရီလီယံ ( သန်းပေါင်း သန်း ၄၀ ကျော်) ရှိသွားပြီ ဖြစ်ပါတယ်။ ဒီပမာဏဟာ အခွန်လျှော့ပေါ့မှုတွေကြောင့် အစိုးရဝင်ငွေ လျှော့နည်းနေချိန်မှာ လူမှုရေး အစီအစဉ်တွေနဲ့ ကြွေးမြီအတိုး ပေးဆပ်စရိတ်တွေက ပိုမိုမြန်ဆန်စွာ တိုးတက်လာတာကို ပြသနေတာပါ။ ဝန်ကြီးဌာနရဲ့ လက်ရှိ စာရင်းတွေအရ ဒီကြွေးမြီထဲမှာ အများပြည်သူဆီက ချေးယူထားတာ ဒေါ်လာ ၃၂.၂၆၆ ထရီလီယံနဲ့ အစိုးရဌာနအချင်းချင်း ကြွေးမြီက ဒေါ်လာ ၇.၇၈၂ ထရီလီယံ ပါဝင်ပါတယ်။

ဒါဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတုန်းက သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ပထမသက်တမ်း စတင်ချိန်မှာ ရှိခဲ့တဲ့ ဒေါ်လာ ၁၉.၉၅ ထရီလီယံနဲ့ နှိုင်းယှဉ်ရင် နှစ်ဆမက ပိုများလာတာ ဖြစ်ပါတယ်။

ဒီလိုကြွေးမြီ တိုးလာတာရဲ့ သုံးပုံတစ်ပုံလောက်ကတော့ ထရမ့်နဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင် တို့ လက်ထက် ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြေရှင်းဖို့ ၂ နှစ်အတွင်း အရှိန်အဟုန်မြှင့် ချေးယူခဲ့ကြလို့ ဖြစ်ပါတယ်။ ကျန်တဲ့ ပမာဏကတော့ အစိုးရနှစ်ရပ်စလုံးရဲ့ ဘဏ္ဍာရေး မူဝါဒတွေအပြင် အစိုးရ အခွန်ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတဲ့ ရေရှည်ပြဿနာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဘတ်ဂျက် စောင့်ကြည့်လေ့လာသူတွေဟာ အကြွေးဒေါ်လာ ၄၀ တြီလီယံအထိ ရောက်ရှိလာမယ့် အခြေအနေကို သီတင်းပတ်ပေါင်းများစွာကြာ စောင့်ကြည့်ခဲ့ကြပြီး လွှတ်တော်ဘက်က မရေရာတဲ့ ဘဏ္ဍာရေးလမ်းကြောင်းကို မဖြေရှင်းဘူးဆိုရင် အမေရိကန်အနေနဲ့ ကြီးမားတဲ့ ကြွေးမြီအကျပ်အတည်းနဲ့ ရင်ဆိုင်ရတော့မယ် လို့ သတိပေးခဲ့ကြပါတယ်။

လုပ်ဆောင်နိုင်ဖွယ်ရှိတဲ့ နည်းလမ်းတွေထဲမှာ အခွန်တိုးကောက်တာ၊ အသုံးစရိတ် လျှော့ချတာ ဒါမှမဟုတ် ဒီနည်းလမ်းနှစ်ခုလုံးကို ပေါင်းစပ်ကျင့်သုံးတာတွေ ပါဝင်ပါတယ်။ ပါတီစွဲမရှိတဲ့ ပြည်ထောင်စုဘတ်ဂျက် တာဝန်ခံမှု ကော်မတီ ရဲ့ ဥက္ကဋ္ဌ မာယာ မက်ဂိုင်နီ  က ဒေါ်လာ ၄၀ တြီလီယံဆိုတာ အစိုးရရဲ့ စာရင်းဇယားပေါ်က ကိန်းဂဏန်းတစ်ခုတည်း မဟုတ်ဘဲ စီးပွားရေးအပေါ် သက်ရောက်မှုတွေရှိပြီး နောက်ဆုံးမှာ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို ဆက်လက်ချေးယူနေတာဟာ ငွေကြေးဖောင်းပွမှု ဖိအားတွေကို မြင့်တက်စေနိုင်သလို အခြားအစိုးရ ဦးစားပေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ ရရှိမှုကိုလည်း အဟန့်အတားဖြစ်စေပြီး ပြည်တွင်း အရေးပေါ် အခြေအနေ တွေ ဒါမှမဟုတ် နိုင်ငံတကာ မရေရာမှုတွေကို တုံ့ပြန်တဲ့အခါမှာ အမေရိကန်ပြည်ထောင်စု ကို ပိုမိုထိခိုက်လွယ်စေနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

အမျိုးသား ကြွေးမြီပမာဏဟာ ဒေါ်လာ ၃၉ တြီလီယံ စံချိန်ကို ကျော်လွန်ခဲ့ပြီးနောက် ၅ လပင် မပြည့်သေးသည့် အချိန်အတွင်းမှာပဲ ဒေါ်လာ ၄၀ တြီလီယံအထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ် ၂၀ မပြည့်သေးတဲ့ အချိန်အတွင်းမှာတင် ကြွေးမြီက ၄ ဆအထိ တိုးတက်လာခဲ့တာပါ။ နှိုင်းယှဉ်ကြည့်ရရင် အမေရိကန်ရဲ့ အမျိုးသား ကြွေးမြီဟာ ၁၉၈၁ ခုနှစ်ရောက်မှ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ တြီလီယံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။


REF: The Nation

#News #Myanmar

မူရင်းသတင်း — Myanmar National Post