
ဩဂုတ် - ၂၁ ( သောကြာနေ့ )
ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အွန်လိုင်းအချက်အလက် စီးဆင်းမှုကို တစ်ချိန်က စိုးမိုးထားနိုင်ခဲ့တဲ့ အိန္ဒိယအစိုးရနဲ့ အာဏာရပါတီတို့ အံ့အားသင့်ခဲ့ရပြီးနောက်၊ လူငယ်ထုနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံနိုင်ဖို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ရဲ့ အစိုးရအဖွဲ့ဟာ အစွမ်းကုန် ကြိုးပမ်းလျက်ရှိရာ အိန္ဒိယ ပြည်ထောင်စုဝန်ကြီးတွေကို ဆိုရှယ်မီဒီယာ လှုပ်ရှားမှုအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ချက်တွေ ထုတ်ပြန်ပေးနေပါတယ်။
ဝန်ကြီးတွေရဲ့ ဆိုရှယ်မီဒီယာ အကောင့်များမှ အချက်အလက်များအပေါ် အခြေခံထားတဲ့ အဆိုပါ အဆင့်သတ်မှတ်ချက်များကို ဗုဒ္ဓဟူးနေ့မှာ မိုဒီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် မျှဝေခဲ့ကြောင်း သတင်းများက ဆိုပါတယ်။ သို့သော်လည်း အဆိုပါ အချက်အလက်များနှင့် သုံးသပ်ချက် ရလဒ်များကိုမူ အများပြည်သူသို့ တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
ဒေသတွင်း သတင်းဖော်ပြချက်များအရ အဆိုပါ အကဲဖြတ်မှုသည် ဖော်လိုဝါ အရေအတွက်ကို ရေတွက်ရုံ သက်သက် မဟုတ်ဘဲ မေလ ၁ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ အင်စတာဂရမ်၊ အိတ်စ်နဲ့ ဖေ့စ်ဘုတ် စတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်ရှိ ဝန်ကြီးများရဲ့ လှုပ်ရှားမှုများကို သတင်းအချက်အလက် ပေးပို့နိုင်မှု အရည်အသွေးနှင့် ရောက်ရှိမှု ပမာဏ အပေါ် မူတည်၍ သုံးသပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
ပို့စ် တင်တဲ့ အကြိမ်ရေ၊ ထိတွေ့မှု ၊ လိုက်ခ် နဲ့ ပလက်ဖောင်းများအလိုက် တုံ့ပြန်မှုရရှိမှုများ စသည့် တိုင်းတာချက်များကို မူတည်၍ အမှတ်ပေးဇယား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် မိုဒီသည် အဆိုပါ အကဲဖြတ်မှုတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။
သူ့ရဲ့ ဘာရတီယ ဂျနတာပါတီ (BJP) မှာ အိုင်တီအဖွဲ့အကြီးအကဲလို့ ခေါ်တဲ့သူ တစ်ဦးကို ဦးဆောင်စေပြီး အင်အားတောင့်တင်းတဲ့ ဆိုရှယ်မီဒီယာ ကွန်ရက်ကြီးကို ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ သရော်စာနဲ့ လူငယ်တွေ ဦးဆောင်တဲ့ "ပိုးဟပ် ဂျန်တာပါတီ" က ဦးစီးပြုလုပ်ခဲ့တဲ့ ကျောင်းသား ဆန္ဒပြပွဲတွေကတော့ လူငယ်တွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှု ပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ အဆိုပါ နည်းဗျူဟာဟောင်းတွေရဲ့ အကန့်အသတ်ကို ပေါ်လွင်စေခဲ့ပါတယ်။
အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အကြား လူငယ်တွေ (Gen Z) ဟာ အိန္ဒိယနိုင်ငံ လူဦးရေ ၁.၄ ဘီလီယံရဲ့ ၂၈ ရာခိုင်နှုန်းခန့် ရှိပါတယ်။ သူတို့ဟာ မက်တာ ရဲ့ အင်စတာဂရမ် ကို အထူးတလည် တက်တက်ကြွကြွ အသုံးပြုကြပြီး စာသားတွေထက် ရီးလ်ဗီဒီယိုတိုတွေနဲ့ ရုပ်ပုံအခြေပြု စကားပြောပြမှုပုံစံ တွေကသာ စိတ်ဝင်စားမှုရရှိဖို့ အဓိက သော့ချက် ဖြစ်လာပါတယ်။ လူငယ်တွေကြား လွန်စွာ ရေပန်းစားပြီး ပြိုင်ဘက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ တက်တော့ခ်ကိုတော့ အိန္ဒိယမှာ ပိတ်ပင်ထားပါတယ်။
ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာချိန်မှာ မိုဒီကိုယ်တိုင် အင်စတာဂရမ် ပေါ်မှာ ကျောင်းသားတွေအတွက် ဆယ်ဖီဗီဒီယို သဝဏ်လွှာတစ်ခု တင်ခဲ့ပြီး လူငယ်ပရိသတ်တွေထံ ရောက်ရှိနိုင်ဖို့ ဝန်ကြီးတွေကိုလည်း အဆိုပါ ပလက်ဖောင်းပေါ်မှာ ပို့စ်တွေ ပိုမိုတင်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။
အသက် ၇၅ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် မိုဒီက အိတ်စ် ပလက်ဖောင်းပေါ်တွင် ဖော်လိုဝါ ၁၀၇ သန်းခန့် ရှိပြီး အစိုးရရဲ့ မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပြည်သူများ၊ နိုင်ငံခြား ခေါင်းဆောင်များထံ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများကို ပုံမှန် တင်လေ့ရှိသူ ဖြစ်ပါတယ်။
REF: RT
#News #Myanmar