Myanmar National Post

သဘောတူညီချက်တွေ အားလုံးကို ဘယ်လာရုစ်ဘက်ကနေပြီးတော့ ဗျူရိုကရက်တစ်ယန္တရားကို ကျော်လွန်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်မယ်လို့ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို အာမခံ ပြောကြား






(၂၀၂၆ ခုနှစ် သြဂုတ်လ ၂၁ ရက်၊ မင့်စ်မြို့)

လေးစားအပ်ပါသော အဆွေတော် သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့တကွ အခမ်းအနားကို တက်ရောက်လာကြသူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမှုမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့အတူ ဆွေးနွေးမှုများကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။

အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ စီးပွားရေးဆိုင်ရာကဏ္ဍများ၊ စိုက်ပျိုးရေးဆိုင်ရာကဏ္ဍများ၊ အခြားသော ကဏ္ဍပေါင်းစုံ အခန်းကဏ္ဍများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအများကြီးရှိပါတယ်။ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက်လည်း ဘယ်လာရုစ်ဘက်က အဆင်သင့်ရှိကြောင်းလည်း ပြောလိုပါတယ်။ လက်ရှိတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို အထောက်အကူပြုသွားမယ်လို့လည်း ပြောလိုပါတယ်။ လက်ရှိ ၂၁ ရာစုမှာ နိုင်ငံရေး သဘောတရားတွေ အများကြီးပြောင်းလဲနေပေမဲ့လည်း ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာရှိတဲ့ ယုံကြည်မှု၊ ခင်မင်ရင်းနှီးမှုကြောင့် နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အပြန်အလှန် ခရီးစဉ်တွေလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်အတွက်ဆွေးနွေးမှုထဲမှာ အရေးအကြီးဆုံးအချက်ကတော့ နှစ်နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့အတွက် နှစ်နိုင်ငံကြားမှာ သံရုံးများကို အပြန်အလှန်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဆောင်တဲ့အချိန်မှာ ၂၀၂၆-၂၀၂၈ Roadmap ကို အခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့အတွက် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးတွဲကော်မရှင်များနှင့် အခြားပူးတွဲကော်မရှင်များကနေ အခြေခံပြီးတော့ အဓိကဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို တက်တက်ကြွကြွဆောင်ရွက်မှသာ မိမိတို့အနေနဲ့ ရှေ့ဆက်သွားမယ့် ဆက်ဆံရေးမှာလည်း အားလုံးအဆင်ပြေမယ်လို့လည်း ကျွန်တော် ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ လက်ရှိအခြေအနေမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ခုနကပြောသွားတဲ့ ဒီအချက်အလက်တွေအားလုံးကို ပိုမိုပြီးတော့မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံကကျောင်းသားတွေကို ဘယ်လာရုစ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားသွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံကြားမှာ နှစ်နိုင်ငံပါလီမန်အချင်းချင်း ဆက်ဆံမှု၊ နှစ်နိုင်ငံနိုင်ငံရေးပါတီများအကြားဆက်ဆံမှုကိုလည်း ဆက်လက်တိုးမြှင့်သွားမယ်လို့ ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ အခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ နှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတွေတင်မကဘဲ တခြားသောကဏ္ဍများ တိုးတက်ဖွံ့ဖြိုးဖို့ရည်ရွယ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား တစ်ဦးနဲ့ တစ်ဦးဆက်သွယ်မှုတွေ ပိုမိုများပြားလာမယ်၊ ဆက်သွယ်မှုများပြားလာတဲ့ နောက်ပိုင်းမှာ ဆက်ဆံရေးတွေကိုလည်း ပိုမို ကောင်းမွန်အောင်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်ရယ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ကျေးဇူးတင် ရှိကြောင်းလည်းပြောလိုပါတယ်။ အဓိကကတော့ သူအနေနဲ့ ကျွန်တော်တို့နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်ဆံရေးတွေကိုတည်ဆောက်တဲ့အခါမှာ ပုဂ္ဂိုလ်ရေးအရ အားတက်သရောဆောင်ရွက်ခဲ့သလို မပြောင်းလဲတဲ့သဘောတရားနဲ့ အခုချိန်ထိ ကျွန်တော်တို့အပေါ်မှာ ဆက်ဆံပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

အဆွေတော် သမ္မတကြီးခင်ဗျာ၊ ကျွန်တော်တို့အနေနဲ့ ဒီနေ့ထပ်ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ အာမခံနိုင်တာကတော့ အဆွေတော်သမ္မတကြီးနဲ့ ကျွန်တော်နဲ့ ဒီနေ့ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေ၊ အခုလာရောက်တဲ့ ခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေ အားလုံးကို ကျွန်တော်တို့ ဘယ်လာရုစ်ဘက်ကနေပြီးတော့ ဗျူရိုကရက်တစ်ယန္တရားကို ကျော်လွန်ပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်မယ်လို့ အာမခံပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။ အဆွေတော် သမ္မတကြီးအနေနဲ့ ပြောကြားပေးပါခင်ဗျာ။


အဆွေတော်ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့် နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များအားလုံး မင်္ဂလာပါခင်ဗျာ

ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်သမ္မတကြီးရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် စတုတ္ထအကြိမ် လာရောက်ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့ဟာ ပထဝီအနေအထားအရ အလွန်ဝေးကွာသော်လည်း သံတမန်ဆက်သွယ်ထားတဲ့ ဆယ်စုနှစ်(၃)ခုနီးပါးကာလမှာ အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုတို့အပေါ်အခြေခံထားတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒီလိုကောင်းမွန်တဲ့ဆက်ဆံရေးဟာ မကြာသေးမီနှစ်များမှာ အရှိန်အဟုန်နဲ့ ပိုမိုတိုးတက်လာခဲ့ပါတယ်။ နှစ်နိုင်ငံအကြီးအကဲများအကြား အပြန်အလှန်ခရီးစဉ်တွေရှိခဲ့ပြီး ခေါင်းဆောင်ပိုင်းသာမက အဆင့်အသီးသီး နဲ့ နယ်ပယ်အသီးသီးမှာပါ နီးကပ်တဲ့ဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုနက်ရှိုင်းလာခဲ့တာကို တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်းမှာ အလွန်ထူးခြားလေးနက်တဲ့ နှစ်တစ်နှစ်လို့ ပြောချင်ပါတယ်။

၂၀၂၅ ခုနှစ် မတ်လမှာ ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး နိုဝင်ဘာလမှာ အဆွေတော်သမ္မတကြီးကလည်း မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြန်လည်လာရောက်လည်ပတ်ခဲ့ပါတယ်။

ခရီးစဉ်များအတွင်းမှာ နှစ်နိုင်ငံအနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ယခုခရီးစဉ်မှာလည်း နှစ်နိုင်ငံအကြားသဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၉ ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

သမ္မတကြီးနဲ့ ယနေ့တွေ့ဆုံမှုမှာ ကျွန်တော်တို့ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်များကို အရှိန်အဟုန်နဲ့ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားပါမယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးက အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး၊ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ပိုမိုချဲ့ထွင်နိုင်မယ့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့ကြပါတယ်။

ယခုဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေပြုလွှတ်တော်တွေလည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံအစိုးရအကြားမျှသာမက လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အလားတူ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှု၊ အာကာသအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမယ့် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဟာလည်း ဇူလိုင်လအတွင်းက အသက်ဝင်ခဲ့ပြီဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာများနှင့် နှစ်နိုင်ငံပြည်သူတွေအကြား ကူးလူးဆက်ဆံမှုမြှင့်တင်နိုင်မယ့် အလားအလာများကို ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျွန်တော်တို့သမ္မတနှစ်ဦးဟာ ဒေသတွင်းနဲ့ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ်လည်း ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ထောက်ခံအမှီသဟဲပြု ဆက်လက်ရပ်တည်သွားရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ယခု ခရီးစဉ်အတွင်းမှာ ထူးခြားချက်တစ်ခုကတော့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် တရားဝင်အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ဒီနေ့မှာ ဖွင့်လှစ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခင်မှာ ဘယ်လာရုစ်သံရုံးကို လာရောက်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကြိုဆိုလျက်ရှိကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့အာရှ၊ တောင်အာရှနဲ့ အရှေ့တောင်အာရှကို ချိတ်ဆက်ထားတဲ့ ကုန်းမြေနယ်မြေပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခုကို ဆက်စပ်ပေးထားတဲ့အတွက် ပင်လယ်ရေကြောင်းပို့ဆောင်ရေးမှာ အချက်အချာကျတဲ့နေရာမှာ တည်ရှိနေပါတယ်။ စိုက်ပျိုးမြေက ၃၃ သန်းကျော်ရှိပြီး လုပ်သားအင်အားရှိ၊ ၁၂ လရာသီပတ်လုံး စိုက်ပျိုးမွေးမြူရေးလုပ်လို့ရတဲ့ ကောင်းမွန်တဲ့ရာသီဥတု ရှိပါတယ်။

ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လာရုစ်နိုင်ငံမှ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုစတဲ့ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အထူးစီးပွားရေးဇုန်တွေအနက် စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်မြို့က သီလဝါအထူးစီးပွားရေးဇုန်မှာ ဘယ်လာရုစ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။


သမ္မတကြီးနဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များခင်ဗျာ -

ကျွန်တော်တို့အနေနဲ့ မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ တိုးတက်ဖြစ်ထွန်းနေတဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို အနာဂတ်ကာလမှာ ဆက်လက်ထိန်းသိမ်းတိုးမြှင့်နိုင်ဖို့ သမ္မတကြီး လူကာရှန်ကို၊ ဘယ်လာရုစ်အစိုးရ၊ ပြည်သူတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။


ကျေးဇူးတင်ပါတယ်ခင်ဗျာ။


#News #Myanmar

မူရင်းသတင်း — Myanmar National Post