
သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊ မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်းခြောက်တွဲ၊ ဘရိတ်တွဲနှစ်တွဲ စုစုပေါင်းရှစ်တွဲဖြင့် တွဲဆိုင်းဖွဲ့ဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့် ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား နှစ်စင်းထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန် ရထားခရီးစဉ် ခြောက်ခေါက်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
နေ့အလိုက် ရထားစီးခရီးသည် စီးနင်းမှုအနေဖြင့် စတင်ပြေးဆွဲသည့် ဩဂုတ် ၁၉ ရက်က ခရီးသည် ၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ခရီးသည် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ခရီးသည် ၂၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ခရီးသည် ၂၄၁၂ ဦး နှင့် ဩဂုတ် ၂၃ ရက်တွင် ခရီးသည် ၆၉၃၅ ဦးအထိ လိုက်ပါစီးနင်းခဲ့သဖြင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ သြဂုတ် ၂၄ ရက်အထိ ခရီးသည် စုစုပေါင်း ၁၃၃၉၄ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် သူရဲဈေးဘူတာမှစတင်၍ မ-၄၁ ရထားသည် နံနက် ၇ နာရီ တွင်လည်းကောင်း၊ မ-၄၃ ရထားသည် နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ မ-၄၅ ရထားသည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်းထွက်ခွာ၍ တောင်ပြုံး-သူရဲဈေးရထားခရီးစဉ်တွင် တောင်ပြုံးဘူတာမှစတင် ၍ မ-၄၂ ရထားသည် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မ-၄၄ ရထားသည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မ-၄၆ ရထားသည် ညနေ ၅ နာရီတွင်လည်းကောင်းထွက်ခွာပြီး လမ်းခရီးတွင် အိုးဘို၊ မြနန္ဒာ၊ ကပိုင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း၊ ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာအတွက်မဆို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုန်းလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများ ဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား-မိုးညှင်း လမ်းပိုင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းနှင့် လက်ပံတန်း-သာရဝေါ လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထား ခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် ခရီးသည်စီးနင်းမှု ထပ်မံများပြားလာပါက ရထားထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။