
လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်တွင်ပါရှိသည် အမျိုးသားအချို့က ဓါးဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့သည့် အမျိုးသမီးမှာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှဖြစ်ပြီး ဒလန်စွပ်စွဲချက်ဖြင့် PDF များက သတ်ဖြတ်ခဲ့ခြင်းဖြစ်ဟု Eleven Media Group ၏ စုံစမ်းမှုအရ သိရသည်။
အဆိုပါ အမျိုးသမီးသတ်ဖြတ်ခံရသည့် ရုပ်သံဖိုင်ထွက်ပေါ်လာပြီးနောက် နှစ်ဖက်အပြန်အလှန်စွပ်စွဲခဲ့ကြကာ တပ်မတော်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ပြုလုပ်သည်ဟု မြန်မာအစိုးရအား အတိုက်အခံပြုလုပ်နေသူများက တိုက်ရိုက်စွပ်စွဲခဲ့ကြသော်လည်း ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ယင်းသတ်ဖြတ်မှုတွင် ၎င်းတို့အဖွဲ့ ပါဝင်ပတ်သက််မှုမရှိကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ အဆိုပါ သတ်ဖြတ်မှုဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ခိုင်လုံသည့်အချက်အလက်များ သုံးသပ်ချက်များ ဆက်လက် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ သတ်ဖြတ်ခံရသူ ဒေါ်မင်းမင်း ဆိုသူသည် ခင်ဦးမြို့ အောင်သီရိရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း Eleven Media က ဒေသခံများထံ ဆက်သွယ် အတည်ပြုနိုင်ခဲ့သည်။
ဒေါ်မင်းမင်းမှာ အိမ်ထောင်မရှိ အပျိုကြီးဖြစ်ပြီး ၄င်း၏ မောင်နှမသားချင်း မိသားစုဝင်များမှာ လက်ရှိတွင် မည်သည့်ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေသည်ကို မသိရှိရကြောင်း ဒေသခံများက ပြောကြားသည်။
ခင်ဦးမြို့ပေါ်ရှိ အောင်သီရိရပ်ကွက်နှင့် အောင်မဂ်လာရပ်ကွက်တို့ကို ဒေသအခေါ် တောင်ရွာနှင့် မြောက်ရွာဟု ခေါ်ဆို သုံးနှုန်းကြောင်း တွေ့ရသည်။
ဒေါ်မင်းမင်းနေထိုင်သည့် ခင်ဦးမြို့ အောင်သီရိရပ်ကွက်မှာ ဒေသအခေါ် တောင်ရွာဖြစ်ပြီး အောင်မဂ်လာ ရပ်ကွက်မှာ မြောက်ရွာဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောကြားခဲ့သည်။
ခင်ဦးမြို့ အောင်သီရိရပ်နေ ဒေါ်မင်းမင်း၏ ဖြစ်စဉ်နှင့်ပတ်သက်၍သိရှိသူ ဒေသခံတစ်ဦးက" ကောက်စိုက်သွား ရင်း လက်နက်ကိုင်လူတစ်စုက ဖမ်းခေါ်သွားတာ ။ ဘယ်နေရာကိုခေါ်ဆောင်သွားလဲ မသိရှိရပေမယ့် အသတ်ခံရပြီးမှ သိရှိရတာပါ ။သူကကျောင်းအုပ်ဆရာကြီး ဦးဘကြန်ဇနီးနဲ့ အသွားအလာရှိပြီး ဒလန်စွပ်စွဲ ချက်နဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာပါ " ဟု ပြောကြားသည်။
သတ်ဖြတ်ခံရသည့်နေရာမှာ ခင်ဦးမြို့နှင့် ရေဦးမြို့အကြားတွင် ဖြတ်သန်းစီးဆင်းလျှက်ရှိသည့် မူးမြစ်ဘေးတွင် ဖြစ်နိုင်ကြောင်း ခင်ဦးဒေသခံများက သုံးသပ်ကြသည်။
" ဧရာဝတီမြစ်ကြောင်းက ခင်ဦးနဲ့ တော်တော်လှမ်းတယ် ။ ဖြစ်နိုင်ချေအများဆုံးက ခင်ဦးနဲ့ရေဦးကြားက မူးဘောင်မှာ သတ်ဖြတ်ပြီး ရေထဲ မျှောလိုက်တာ " ဟု ဒေသခံတစ်ဦးက ဆိုသည်။
၂၀၂၁ နောက်ပိုင်း ခင်ဦးမြို့တွင် အစိုးရလုံခြုံရေးအဖွဲ့များအနေဖြင့် ခင်ဦးမြို့မရဲစခန်းဝန်း ၊ ဆေးရုံနှင့် စာသင်ကျောင်း စသည့် သုံးခုတွင် အထိုင်ချကာ ဘူတာလမ်းဆုံတွင် တပ်မတော်လုံခြုံရေးဂိတ် ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများက ဆိုသည် ။
ခင်ဦးမြို့ဝန်းကျင်ရင် တပ်ရင်းတပ်ဖွဲ့အနေဖြင့် မရှိဘဲ လုံခြုံရေးဆောင်ရွက်မှုကို ရွှေဘိုခရိုင်ရှိ အမှတ် ၈ လေ့ကျင့်ရေးတပ်မှ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။
" တပ်လုံခြုံရေးအဖွဲ့တွေက ရဲစခန်း ၊ဆေးရုံနဲ့ ကျောင်းထဲမှာ အထိုင်ချထားတာ ၂၀၂၁ ကတည်းကနေ ခုထိ ရှိတယ် ။ မြို့ပေါ်မှာတော့ အရင်ကတည်းက အပြန်အလှန် ပစ်ခတ်တာမျိုး ဖြစ်ခဲတယ် ။ သိပ်မရှိဘူး ။ ဘေးက ဆက်စပ်နေတဲ့ ရွာတွေမှာတော့ ဖြစ်တာပေါ့။ ဒလန်ရှင်းတယ်ဆိုတာလည်း အဲလို ဆက်စပ်နေတဲ့ ရွာတွေဘက် မှာဖြစ်တာ ။ အခုနောက်ပိုင်းတော့ သတ်ဖြတ်တာတွေ သိပ်မကြားရတော့ဘူး " ဟု ခင်ဦးမြို့တွင် လက်ရှိ နေထိုင်သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ခင်ဦးနှင့် ငါးမိုင်ပတ်လည်ရှိ ဆက်စပ်နေသည့် ရွာများတွင် PDF အဖွဲ့များ အမည်ပေါင်းစုံဖြင့်တည်ရှိပြီး PDF အဖွဲ့ဝင်များသည် ပုံမှန်အချိန်တွင် လယ်ထွန်လုပ်ကိုင်ပြီးအရပ်သားများကဲ့သို့ နေထိုင်ကြကြောင်း၊ အဆိုပါ PDF အဖွဲ့အများစုသည် ရွှေဘိုခရိုင်PDF တပ်ရင်းလက်အောက်ခံများဖြစ်ကြောင်း၊ ဒလန်ရှင်းဆိုသည့် ဖြစ်စဉ် များသည် ရွှေဘိုခရိုင် PDF တပ်ရင်းနှင့် ကျေးရွာဒေသခံ PDF အဖွဲ့များ ချိတ်ဆက်လုပ်ဆောင်ကြကြောင်း ခင်ဦးဒေသခံတစ်ဦးက ပြောကြားသည်။
ခင်ဦးမြို့တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိပြီး အောင်ချမ်းသာရပ်ကွက်ကို မြို့လယ်ရပ်ကွက်ဟုခေါ်ဆိုကာ ကျန် ၄ ရပ်ကွက်ကိုမူ အရှေ့ရွာ၊ အနောက်ရွာ၊ တောင်ရွာ၊ မြောက်ရွာဟု ခေါ်ဆိုလေ့ရှိကြောင်းသိရသည်။
မြို့တည်ရှိပုံမှာ မြို့လယ် အောင်ချမ်းသာရပ်ကွက် ပတ်လည်ရှိ ကျန် ၄ ရပ်ကွက်မှာ ကျေးရွာများနှင့် ဆက်စပ်တည်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
"ဒီမှာက ဘယ်သူ ဘယ်ဝါ ဘယ်သူ့သားသမီးကအစ ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ အကုန် သိနေကြတာ။ မမင်းမင်းဖြစ်စဉ်ကလည်း မသိတဲ့သူမရှိဘူး။ ဖြစ်တာက၂၀၂၂ /၂၃ ခုနှစ် ဝန်းကျင်လောက်ပဲ။ မမင်းမင်း အဲလိုဖြစ်ပြီး သူ့မိသားစုကို ရဲစခန်းဝန်းထဲခေါ် နေခိုင်းထားသေးတယ် ကြားတယ်။ အခုနောက်ပိုင်း ဘယ်ပြောင်းနေလဲ မသိရတော့ဘူး။ ပြောမယ်ဆို ခင်ဦးမှာက အခုဆို လူဦးရေက သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တာ ။ အများစုက မန္တလေး၊ ပြင်ဦးလွင်၊ ရွှေဘို၊ လာရှိုးစသဖြင့် ကိုယ်နဲ့နီးစပ်ရာ ဒေသတွေ ပြောင်းကုန်ကြပြီ။ အဲတုန်းက အခြေအနေက ဘယ်သူဘာဖြစ်တယ်ကြားပေမယ့် သွားမကြည့်ရဲကြဘူး။ တစ်ယောက်စကား တစ်ယောက်နားနဲ့ နားစွင့်ပြီး သိကြရတယ် ။ ဂဃနဏ ဘယ်သူမှ အတတ်မပြောနိုင်ဘူး။ သိရတာက သူတို့က ကံသစ်ရွာ အနွယ်အဆက်အစပ်တွေတဲ့ ။ နောက်ပိုင်းမှ အောင်သီရိဘက်(တောင်ရွာ) ပြောင်းလာတာ ။ သူ့မှာ မောင်တစ်ယောက်ရှိပြီး မောင်နှမ နှစ်ယောက်ထဲလို့လည်း ပြောကြတာပဲ"ဟု ခင်ဦးဒေသခံတစ်ဦးက ပြောကြားသည်။
ဒေါ်မင်းမင်းအသတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် လူသိများသူတစ်ဦးဖြစ်သည့် ကိုရွှေမျိုးဝင်းကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်" အသတ်ခံသူက ခင်ဦးမြို့ အောင်သီရိရပ်ကွက် (တောင်ရွာ)မှာ နေထိုင်သော မမင်းမင်းဖြစ်ပါတယ် ။ ကောက်စိုက်နေတုန်း တရပ်ကွက်တည်း နေထိုင်သူ PDF ၈ ဦး ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ အတော်များများ သိကြပါတယ်။ အဲဒီရပ်ကွက်ထဲမှာ ပင်စင်စား ကျောင်းအုပ်ကြီးနဲ့ ဇနီး ဒေါ်ရင်နွယ်ဦးတို့လည်း နေထိုင်ကြပါတယ် ။ သူတို့ရဲ့ သားတယောက်က တပ်မှ အရာရှိ ဖြစ်ပါတယ်(ဗိုလ်လို့ရေးထားပါတယ်)။အဲဒီ သားဆီ ပစ္စည်းလေးတွေ ပို့ချင်ရင် ရဲစခန်းက တဆင့် ပို့ကြရပါတယ် ။ ဒေါ်ရင်နွယ်ဦးက ရဲစခန်းသွားရင် ခင်မင်ရင်းနှီးသူ မမင်းမင်းအား အဖော်အဖြစ် ခေါ်သွားလေ့ရှိပါတယ် ။ ဒီလိုတွေကြောင့် PDF တွေက ဘာမှ မဆိုင်တဲ့ မမင်းမင်းကို ဖမ်းပြီး ရက်ရက်စက်စက် သတ်လိုက်ကြတာပါပဲ။ " ဒေါ်ရင်နွယ်ဦး နဲ့ ခင်ဗျား စခန်းကို သွားလား '' ဆိုတဲ့ VIDEO ထဲက မေးခဲ့တာ အားလုံးသိကြမှာပါ ။ ယခုတော့ ဒေါ်ရင်နွယ်ဦးတို့ မိသားစုလည်း ထိုရပ်ကွက်တွင် မရှိတော့ဘူးလို့ ကြားသိရပါတယ် ။ဖြစ်စဉ်အတွက် နေရပ်လိပ်စာ အတိအကျ သိရပြီမို့ ဘယ်လိုပဲ ငြင်းနေကြပါစေ ၊ တရားခံက PDF တွေပါပဲ ။ မိတ်ဆွေ တဦးက မန့်တခု လာပြပြီး အတည်ပြုပါ မှန်နေရင် ပြန်ရေးပါလို့ တောင်းဆိုလာလို့ မြို့ခံအချို့ထံ ဆက်သွယ် မေးမြန်းကြည့်ရာ... ဒေါ်ရင်နွယ်ဦး နဲ့ ခင်ပွန်း ပင်စင်စားကျောင်းဆရာ ရှိခဲ့ကြောင်း ၊ သားတယောက်က စစ်ဗိုလ်ဖြစ်ကြောင်း အဲဒီအချက်အလက်တွေက သေချာသလို 2022 / 2023 ဝန်းကျင်မှာ လူများစွာ ဤသို့ အသတ်ခံခဲ့ရကြောင်း အကြောင်းပြန်လာလို့ မျှဝေလိုက်ရပါတယ် " ဟု ရေးသားဖော်ပြထားသည် ။
ခင်ဦးမြို့ဝန်းကျင် ကျေးရွာများ၌ ၂၀၂၁ နောက်ပိုင်း ဒလန်ဟူသော စွပ်စွဲချက်ခေါင်းစဉ်ဖြင့် အလားတူ ဖြစ်စဉ်များ မြောက်များစွာရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည် ။
ယင်းဖြစ်စဉ်များအနက် မောင်နှမသုံးဦးသတ်ဖြတ်ခံရမှုကို သိရှိခဲ့သူတစ်ဦးက " အောင်မင်္ဂလာရပ်ကွက် (မြောက်ရွာ) မှာနေတဲ့ ကိုရာကျော်တို့ မောင်နှမသုံးယောက်လည်း ဒလန်စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံခဲ့ရတယ် ။ ကိုရာကျော်ဟာ ဟိုးယခင်ကတည်းက ရက်ကွက်သာရေးနာရေး မြို့နယ်သာရေးနာရေးတွေမှာ စိတ်အားထက်သန်စွာ ကူညီလုပ်ဆောင်ခဲ့တဲ့သူ ။ ၂၀၂၁ နောက်ပိုင်းမှာလည်း ဖမ်းဆီးခံရတဲ့ လူငယ်တွေအတွက် ကြားဝင်ကူညီလုပ်ဆောင်ပေးခဲ့တာ ။ တစ်ဖက်အမြင်မှာတော့ အထင်လွဲခံရပြီး မောင်နှမအလိုက် သတ်ဖြတ်ခံရပါတယ် ။ ပထမဆုံးက ညီဖြစ်တဲ့ ကိုသကြားက ခင်ဦး ရွှေဘိုအသွား ရွှေဘို - မြစ်ကြီးနား လမ်း ကြို့ကန်ရွာအနီးမှာ သတ်ဖြတ်ခံခဲ့ရတယ် ။ အဲ့နောက် ၆ လလောက်အကြာမှာ ညီမဖြစ်သူက ခင်ဦးစျေးထဲမှာ သတ်ဖြတ်ခံခဲ့ရပါတယ် ။ အဲ့နောက်မှာတော့ ကိုရာကျော်လည်း အောင်မင်္ဂလာနေအိမ်ကနေ လယ်ထဲသွားရာက ကြာကန်ကျောင်းအနီးမှာ သတ်ဖြတ်ခံခဲ့ရတယ် " ဟု ပြောကြားခဲ့သည် ။
လူမှုကွန်ရက်တွင် လတ်တလောပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်ပါ စကားသံများအရ အညာဒေသဘက်မှ စကားပြောသံများဖြစ်ကြောင်း၊ ယခင်ကလည်း PDF များက ယခုကဲ့သို့ သတ်ဖြတ်သည့်ရုပ်သံဖိုင်များ မကြာခဏ သက်သေမှတ်တမ်းဖြင့် ထွက်ပေါ်ကြောင်း၊ ယခုလည်းထပ်မံထွက်ပေါ်လာမှုအပေါ် ဝါရာဇွပ်အဖွဲ့အား စွပ်စွဲခြင်းဖြစ်ကြောင်း တပ်မတော်ထောက်ခံသူများက တုံ့ပြန်လှန်ရေးသားခဲ့ကြသည်။
ထို့အတူ ယခုရုပ်သံဖိုင်သည် မည်သည့်နေရာမှ စတင်ထွက်ပေါ်လာသည်ကို တိတိပပမသိရသော်လည်း တပ်မတော်လက်အောက်ခံ ဝါရာဇွပ်အဖွဲ့မှ သတ်ဖြတ်သည်ဟု တိုက်ရိုက်ရေးသားနေသည်မှာ မည်သည့်အထောက်အထားဖြင့် ပြောဆိုသနည်းဟူ၍ လည်းကောင်း၊ သတ်ဖြတ်ခံရသူ အမျိုးသမီး၏ စကားလုံးအသုံးအနှုန်း နှင့် သတ်ဖြတ်သူများ၏ အသုံးအနှုန်းများသည် တနိုင်းဘက်မှ မဟုတ်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အညာဒေသတွင် ဒလန်ရှင်းလင်းရေးခေါင်းစဉ်ဖြင့် သေနတ်မသုံးဘဲ လိုက်လံသတ်ဖြတ်ချိန်က ဖြစ်စဉ်သာဖြစ်မည် ဖြစ်ကြောင်း လူမှုကွန်ကရက် အသုံးပြုသူများက မှတ်ချက်ပြုရေးသားမှုများ ရှိသည်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်ကြားရှိ လီဒိုလမ်းမပေါ်မှ ဝါရာဇွပ် (ဆန်ပြား) ကျေးရွာတစ်ဝိုက်တွင် အခြေချလှုပ်ရှာပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဒေသလုံခြုံရေးအတွက် တပ်မတော်နှင့်ပူးတွဲကာ လီဒိုလမ်းမကြီး တစ်လျှောက် စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။
ဒလန်ရှင်းလင်းရေး လုပ်ဆောင်မှုသည် CRPH၊ NUG တို့က စတင်လုပ်ဆောင်သည်ဟုဆိုကာ ဝေဖန်မှုများ ရှိခဲ့သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် သတင်းပေးဒလန်စွပ်စွဲချက်ဖြင့် အုပ်ချုပ်ရေးမှူးများ၊ အရပ်သားများကို PDF များက လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိုသို့လုပ်ကြံ သတ်ဖြတ်မှုများအား တော်လှန်ရေးခေါင်းစဉ်အောက်တွင် စစ်ရေးပစ်မှတ်ဟု အကြောင်းပြလုပ်ဆောင်ခြင်းအပေါ် ထိုစဉ်အချိန်က ကနဦးတွင် CRPH၊ NUGနှင့် EAO အဖွဲ့အချို့တို့က နှုတ်ဆိတ်နေခဲ့သည်။
ထို့နောက် ဒလန်စွပ်စွဲချက်ဖြင့် လုပ်ကြံသတ်ဖြတ်မှုများတွင် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များဖြင့် သတ်ဖြတ်ခြင်း၊ လူမှားသတ်ဖြတ်ခြင်းများ မကြာခဏဖြစ်ပေါ်လာပြီးနောက် ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားများအား သတ်ဖြတ်ခြင်း အပေါ် သံတမန်အသိုင်းများက လက်မခံကြောင်း သတင်းစကားများ၊ မြန်မာအစိုးရကို အတိုက်အခံပြုနေသည့် အင်အားစုများကြား၌ပင် ပြန်လည်ဝေဖန်ချက်များထွက်ပေါ်လာပြီးနောက် NUG အဖွဲ့က ၎င်းတို့တွင် ဒလန်ရှင်းလင်းရေး မူဝါဒမရှိဟုဆိုကာ ပြန်လည်ငြင်းဆိုထားသည်။
၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်စဉ်များနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကြောင့် သံဃာတော်အပါး ၁ဝဝ ကျော် ပျံလွန်တော်မူခဲ့ရပြီး သင်းအုပ်ဆရာနှစ်ဦးလည်း သေဆုံးထားသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ မြန်မာအစိုးရ၏ စာရင်းများအရ လက်နက်ကိုင်အဖွဲ့များ၏ အမျိုးမျိုး သောစွပ်စွဲချက်ဖြင့် သတ်ဖြတ်မှုကြောင့် အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးထားကြောင်း သိရသည်။