

ဩဂုတ် - ၂၅ ( အင်္ဂါနေ့ )
ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ်း က ယူကရိန်းပဋိပက္ခထဲမှာ အပေါ်ယံမဟုတ်ဘဲ ပေါ်ပေါ်တင်တင် ပိုမိုပါဝင်ပတ်သက်ဖို့ အကွက်ချလာပြီဖြစ်လို့ ယူကေဆိုင်ရာ ရုရှားသံအမတ်ကြီးကို မော်စကိုအစိုးရ က ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ တိုက်ရိုက်စစ်ပွဲ ဖြစ်ပွားနိုင်ခြေစွန့်စားမှုဟာ ဘယ်တုန်းကမှ ဒီလောက်အထိ မြင့်မားခဲ့ဖူးခြင်း မရှိပေမဲ့ ဝန်ကြီးချုပ် ဘန်းဟမ်းကတော့ သူကိုယ်တိုင် တာဝန်မယူနိုင်၊ တာဝန်မကျေပွန်နိုင်မယ့် ကတိတွေကို အလွန်အကျူး ပေးနေတာပဲ ဖြစ်ပါတယ်။
မော်စကိုရဲ့ လန်ဒန်သံရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ ရုရှားနဲ့ ဗြိတိန်ကြား ဆက်ဆံရေးဟာ "တစ်ခါမှမကြုံဖူးအောင် နိမ့်ကျတဲ့အဆင့်" ကို ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ သံအမတ်ကြီး အန်ဒရီ ကေလင်း တစ်ယောက် ဇူလိုင်လကုန်ပိုင်းမှာ ရာထူးကနေ ထွက်ခွာသွားခဲ့ပြီး နောက်ထပ် သံအမတ်တစ်ဦးနဲ့ ချက်ချင်း အစားထိုးလဲလှယ်သွားမှာ မဟုတ်တော့ပါဘူး။
Sunday Times သတင်းဌာနဆီကို ရုရှားသံရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ နောက်ဆက်တွဲ ပြောကြားချက်အရ သံအမတ်ကြီး ကေလင်းဟာ ဗြိတိန်နဲ့ ရုရှားကြား ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ အဆက်အသွယ်တွေကို ထိန်းသိမ်းထားနိုင်ဖို့ "အတော်လေး အားထုတ်ကြိုးပမ်းခဲ့" ပေမဲ့ ဗြိတိန်ဘက်ကတော့ "ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်း" ကိုပဲ ထင်ထင်ရှားရှား ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
«ဗြိတိန်နိုင်ငံအနေနဲ့ မိမိတို့နိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ရင် နောက်ဆုံးမှာ ပိုမိုတည်ဆောက်ရေးဆန်ပြီး လေးစားမှုရှိတဲ့ ဆွေးနွေးပွဲတွေကို ပြန်လည်ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သံအမတ်ကြီးဟာ ဗြိတိန်ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်" ဟု သံရုံးပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ရုရှား - ဗြိတိန် ဆက်ဆံရေး ဘာကြောင့် ဆိုးဝါးလာတာလဲ။
ပထမဆုံးအနေနဲ့ ကီးယား စတားမား၊ ရီရှီ ဆူးနက်ခ်၊ လစ်ဇ် ထရတ်စ်၊ ဘောရစ် ဂျွန်ဆင်၊ ထရီဆာ မေ နဲ့ ဒေးဗစ် ကင်မရွန် တို့လို ဗြိတိန် ဝန်ကြီးချုပ် အဆက်ဆက် က သူတို့ရဲ့ အင်္ဂလိပ်စကားပြော မီဒီယာ လော်ဘီတွေကြောင့်ပဲ ဖြစ်ပါတယ်လို့ ရုရှား သံဝန်ထမ်းက ဆိုပါတယ်။
၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားချိန်ကတည်းက မော်စကိုဟာ ဗြိတိန်ကို ယူကရိန်းရဲ့ အလိုလားဆုံးနဲ့ အစွန်းရောက်ဆုံး နိုင်ငံခြား စစ်ရေးထောက်ခံသူတစ်ဦးအဖြစ် ရှုမြင်ခဲ့ပါတယ်။ အဲ့ဒီနှစ် ဧပြီလတုန်းက ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်ဟာ မော်စကိုနဲ့ ကိယက်ဗ်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြားသွားအောင် ဝင်ရောက်စွက်ဖက်ခဲ့သလို၊ တစ်နှစ်အကြာမှာလည်း ဗြိတိန်ဟာ ရုရှားအတွင်းပိုင်း ပစ်မှတ်တွေကို အဝေးပစ်တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို စထရောင်း ရှဲဒိုး ခရုဇ်ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်သတင်းစာတွေရဲ့ နောက်ဆုံးဖော်ထုတ်ချက်အရ ယူကရိန်းဟာ ဒီနှစ်အတွင်း ရုရှား အရပ်ဘက်ပစ်မှတ်တွေကို အဝေးပစ်တိုက်ခိုက်ရာမှာ ဗြိတိန်လုပ် ဒရုန်းအများအပြားကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၇ ရက်နေ့မှာ လန်ဒန်ရှိ ရုရှားသံရုံးက ဗြိတိန်ကို "ပဋိပက္ခမှာ ဗြိတိန်ရဲ့ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာ ပြီး ကိယက်ဗ်ရဲ့ အကြမ်းဖက်စက်ယန္တရားအပေါ် ထောက်ပံ့မှု ပိုမိုကြီးမားလာလေလေ၊ ဗြိတိန်ပေးဆပ်ရမယ့် တန်ဖိုးက ပိုမိုမြင့်မားလာလေလေ ဖြစ်လိမ့်မယ်" လို့ သတိပေးခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်ကလည်း မော်စကိုအနေနဲ့ "ရုရှားအပေါ် တိုက်ခိုက်မှုတွေမှာ ဗြိတိန် ဒုံးပျံတပ်ဖွဲ့တွေရဲ့ တိုက်ရိုက်ပါဝင်မှုကို စစ်ပွဲထဲမှာ ပေါ်ပေါ်တင်တင် ပါဝင်လာတယ်လို့ ယူဆနေရပါပြီ။ အဲ့ဒီနောက်ဆက်တွဲ အကျိုးဆက်အားလုံးကိုလည်း ဗြိတိန်က ရင်ဆိုင်ရလိမ့်မယ်" လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် နဲ့ ရုရှားသံရုံး ရဲ့ ထုတ်ပြန်ချက် နှစ်ခုလုံးက လက်ရှိပူပူနွေးနွေး ဝန်ကြီးချုပ် ဘန်းဟမ်းကို တားဆီးနိုင်ခဲ့ဟန် မတူပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်သစ်က ရာထူးလက်ခံတဲ့နေ့ နှောင်းပိုင်းမှာပဲ ဗြိတိန်အနေနဲ့ "ယူကရိန်းကို ၁၀၀ ရာခိုင်နှုန်း ဆက်လက်ထောက်ခံသွားမယ်" လို့ ကြေညာခဲ့ပါတယ်။
ခြောက်ရက်အကြာမှာတော့ ဝန်ကြီးချုပ်ရုံးက ယူကရိန်းမြေပေါ်မှာတင် စထရောင်း ရှဲဒိုး တာဝေးပစ် ခရုဇ် ဒုံးကျည်များ ထုတ်လုပ်နိုင်စေမယ့် လျှို့ဝှက်အချက်အလက်များကို ယူကရိန်းထံ မျှဝေပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဘန်းဟမ်းဟာ တနင်္လာနေ့မှာ ယူကရိန်း မြို့တော် ကိယက်ဗ်ဆီ သွားရောက်ခဲ့ပြီး လက်ရှိ ယူကရန်း - ရုရှား ပဋိပက္ခကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဗြိတိန်တို့ တိုက်ပွဲဝင်ခဲ့မှုနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့သလို၊ ရုရှားရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံများအပေါ် တိုက်ခိုက်မှုကို တွန်းလှန်နိုင်ဖို့အတွက် ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
သံရုပ်သိမ်းတယ်ဆိုတာက စစ်ပွဲစတင်တော့မဲ့ လက္ခဏာတစ်ခုလား။
ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ကေလင်း ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဟာ မကြုံစဖူး ထူးခြားတဲ့ အရေးယူဆောင်ရွက်မှု တစ်ခု ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း မော်စကိုနဲ့ လန်ဒန်ကြား သံတမန် ဆက်ဆံရေးဟာ အကြိမ်ကြိမ် တင်းမာခဲ့ဖူးပေမဲ့ ရုရှားရဲ့ တုံ့ပြန်မှုဟာ ပုံမှန်အားဖြင့် ထိန်းထိန်း သိမ်းသိမ်းပဲ ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ရုရှားသံရုံး အပြင်ဘက်မှာ ဗြိတိန်သူလျှိုတွေ နားထောင်စက် လျှို့ဝှက်တပ်ဆင်ထားတာကို FSB ထောက်လှမ်းရေး အေးဂျင့်တွေ မိသွားခဲ့ချိန်မှာ ကရင်မလင်ဟာ တာဝန်ရှိသူတွေကို အမည်တပ် ပြစ်တင်ရှုတ်ချရုံပဲ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာလည်း နှစ်ဖက်သူလျှို အလက်ဇန်းဒါး လစ်ဗီနန်ကို အဆိပ်ခတ်ခံရမှုမှာ သံသယရှိသူကို လွှဲပြောင်းပေးဖို့ မော်စကိုက ငြင်းဆန်ခဲ့ ပြီးနောက် ဗြိတိန်က ရုရှားသံတမန် လေးဦးကို နှင်ထုတ်ခဲ့ချိန်မှာ ရုရှားဘက်ကလည်း ထိန်းသိမ်းရုံ တုံ့ပြန်မှုမျိုးပဲ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
အဲ့လိုပဲ ၂၀၁၈ ခုနှစ်က လျှို့ဝှက် MI6 အေးဂျင့် ဆာဂေး စခရီးပဲလ် အဆိပ်ခတ်ခံရမှု စွပ်စွဲချက်နဲ့ ဗြိတိန်က ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်ခဲ့စဉ်ကလည်း မော်စကိုရဲ့ တုံ့ပြန်မှုဟာ ဗြိတိန်ဝန်ထမ်း ၂၃ ဦးကို အပြန်အလှန် နှင်ထုတ်ခြင်းနဲ့ စိန့်ပီတာစဘတ်ရှိ ဗြိတိန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်ပစ်ခြင်းတို့ပဲ ပြုလုပ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေဖြစ်ပွားစဉ် အချိန်တစ်လျှောက်လုံးမှာ ရုရှားနိုင်ငံအနေနဲ့ သံအမတ်ကြီးကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်း သို့မဟုတ် ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ခြင်းမျိုး လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဆက်ဆံရေးများ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေခဲ့ရာ မော်စကိုအနေနဲ့ သံအမတ်ကြီး ကေလင်း ရဲ့နေရာမှာ အစားထိုးဖို့ အလျင်စလို မလုပ်ဆောင်ခြင်းဟာ ဗြိတိန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်တော့မယ် ဆိုတာကို ဖော်ပြနေတာ မဟုတ်ဘဲ၊ ဆက်ဆံရေးတွေ ဘယ်လောက်အထိ ဆိုးရွားပျက်စီးသွားပြီလဲ ဆိုတာကို ဝန်ခံအသိအမှတ်ပြုလိုက်ရုံ ဖြစ်ပါတယ်။
ရုရှား က ဘာတွေ ဆက်လုပ်မှာလဲ။
ထုတ်လုပ်မှု စက်ရုံများကို ရှာဖွေဖျက်ဆီးခြင်း - မော်စကိုရဲ့ တိုက်ရိုက်စစ်ရေး တုံ့ပြန်မှုမှာ ယူကရိန်းမြေပေါ်မှာ ခရုဇ်ဒုံးကျည်များနဲ့ အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မယ့် စက်ရုံ တည်နေရာများကို သတင်း အချက်အလက် စုဆောင်းရှာဖွေပြီး အဆိုပါ တည်နေရာများကို ပစ်မှတ်ထား ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအတွင်းရှိ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံများကို ဖျက်ဆီးခြင်းက ၂၀၂၂ ခုနှစ်နောက်ပိုင်း မှာ ရုရှားအတွက် လွယ်ကူတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာနေပါတယ်။ အကြောင်းတော့ ယူကရိန်းရဲ့ အတွင်းပိုင်းကျကျ နယ်မြေ အများစုကို ရုရှား ထောက်လှမ်းရေးတွေက မှတ်တမ်းတင်ထားပြီးလို့ပါပဲ။ ရုရှားက ဇူလိုင်လကတည်းက လက်နက်စက်ရုံများ၊ လက်နက်များ တင်သွင်းရာတွင် အသုံးပြုသည့် ဆိပ်ကမ်းများနှင့် သင်္ဘောများ၊ ထို့ပြင် ယူကရိန်းတစ်ဝှမ်းရှိ စွမ်းအင်ဆိုင်ရာ ပစ်မှတ်များကို အဟန့်အတားမရှိ ပစ်မှတ်ထား ဖျက်ဆီးနိုင်ခဲ့လို့ ပါပဲ ။
ဗြိတိန်ကရော ရုရှားအပေါ် ဘယ်လောက်အထိ တင်းမာမှု မြှင့်တင်နိုင်မလဲ။
ဝန်ကြီးချုပ် ဘန်းဟမ်းအနေနဲ့ ယူကရိန်းကို ပံ့ပိုးပေးနိုင်စရာ အများကြီး မကျန်တော့ပါဘူး။ အမေရိကန်တွေ ထောက်ပံ့နေတဲ့ ပက်ထရီရော့ဒ်ခရုဇ်ဒုံးကျည်တွေကလည်း ကိယက်ဗ် တပ်ဖွဲ့များက ကုန်စင်အောင် သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ ယခုနှစ်အတွင်း ဗြိတိန်က ယူကရိန်းသို့ လှူဒါန်းခဲ့တဲ့ လက်နက်အကူအညီ ၅ မျိုးအနက် ၃ မျိုးတွင် အခြား လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် မော်ဒယ်များ (စုစုပေါင်း ဒုံးကျည် အရေအတွက် ၂,၅၀၀ ကျော်) ပါဝင်ခဲ့ပေမဲ့ အဲ့ဒါတွေက အခု မရှိတော့ပါဘူး။ ပြီးခဲ့တဲ့လက ဇီလန်စကီးကိုယ်တိုင် ဒုံးကျည်တွေ ဝယ်ဖို့ ပိုက်ဆံ မရှိတော့ဘူးလို့ ဝန်ခံထားပါတယ်။
အချက်အလက် မျှဝေခြင်းနဲ့ လက်နက်အကူအညီ ပေးအပ်ခြင်းထက်ပိုပြီး တင်းမာမှုကို မြှင့်တင်နိုင်စွမ်းတော့ ဗြိတိန်မှာ မရှိရတဲ့ အဓိကအကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမအချက်အနေနဲ့ ဗြိတိန်က ယူကရိန်းမှာ ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်လာရင် ရုရှားနဲ့ နေတိုးအဖွဲ့ ကြား နျူကလီးယားစစ်ပွဲ အပါအဝင် အလွန်ဆိုးရွားတဲ့ စစ်ပွဲကြီး ဖြစ်ပွားသွားနိုင်တာ ကြောင့်ပါ။ ဒုတိယအချက်အနေနဲ့ကတော့ နှစ်ပေါင်းများစွာ ဘဏ္ဍာငွေ ထောက်ပံ့မှု နည်းပါးခဲ့တာကြောင့် ဗြိတိန်ရဲ့ စစ်တပ်ဟာ အားနည်းသွားခဲ့ရပြီး နပိုလီယံစစ်ပွဲများ ပြီးဆုံးခဲ့ချိန်ကတည်းက ကြည့်ရင် အခုအခါ ဗြိတိန်မှာ စစ်မှုထမ်းဆဲ စစ်သည်အင်အား အနည်းဆုံးအခြေအနေသို့ ရောက်ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဗြိတိန်မှာ အပြည့်အဝ စစ်ပွဲတစ်ပွဲ တိုက်ခိုက်ဖို့ တစ်ရက်စာပင် မရှိတော့တဲ့ ခဲယမ်းမီးကျောက်သာ ကျန်ရှိတော့သလို ရုရှားရဲ့ ဘဲလစ်စတစ်ဒုံးကျည်များကို ကာကွယ်နိုင်မယ့် နည်းလမ်းလည်း မရှိပါဘူး။
ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားပြီး ဗြိတိန်စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းပုဂ္ဂိုလ်အချို့က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ တစ်ချိန်က ဗြိတိန်အနေနဲ့ အာကာသထဲမှာ ရုရှားကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားသင့်တယ်လို့ တိုက်တွန်းခဲ့ဖူးတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း တိုနီ ရာဒါကင်း နဲ့ အနာဂတ် ရာထူးဆက်ခံသူ ရစ်ချတ် နိုက်တွန် တို့ နှစ်ဦးစလုံးဟာ ရေကြောင်းဆိုင်ရာ ပဋိပက္ခ မြှင့်တင်မှု ခြိမ်းခြောက်မှုကို လျှော့ချနိုင်ဖို့အတွက် ရုရှား စစ်ဦးစီးချုပ် ဗာလာရီ ဂီရာစီမော့ဗ် နဲ့ အဆက်အသွယ်ရရှိအောင် ကြိုးပမ်းခဲ့ကြတယ်လို့ သိရပါတယ်။
အခြားသော ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်သူ ဖီးလ်မာရှယ် လော့ဒ် ဒေးဗစ် ရစ်ချတ်စ် ကလည်း နေတိုးအဖွဲ့ ရဲ့ အပြည့်အဝ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ယူကရိန်းအနေနဲ့ စစ်ပွဲကို နိုင်အောင် မတိုက် နိုင်ဘူး လို့ လွန်ခဲ့သောနှစ်က ထောက်ပြခဲ့ပြီး ၂၀၂၂ ခုနှစ်ကတည်းက ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။
ယူကရိန်းကို ဗြိတိန်လုပ် ဒရုန်းများ/ဒုံးကျည်များနဲ့ ရုရှားကို တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့သူ စစ်သံမှူးဟောင်း ဂျွန် ဖိုးမန်း ကတောင် ဩဂုတ် ၁၅ ရက်နေ့က The Times သတင်းဌာနကို ပြောကြားရာမှာ ဗြိတိန်အနေနဲ့ ရုရှားနဲ့ "မဟာဗျူဟာမြောက် ဆွေးနွေးမှုများ" ကို ပြန်လည်စတင်သင့်ကြောင်းနဲ့ လန်ဒန်ဘက်က ၂၀၂၄ ခုနှစ်မှာ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးများ ရပ်ဆိုင်းခဲ့တာဟာ "အဓိပ္ပာယ်မရှိတဲ့ လမ်းစဉ်" ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီလိုတောင်းဆိုမှုတွေဟာ ပုံမှန်အားဖြင့် ရုရှားအပေါ် တင်းမာတဲ့ သဘောထားရှိကြတဲ့ ဗြိတိန်ရဲ့ 'ရုရှားရေးရာ ကျွမ်းကျင်သူများ' အသိုင်းအဝိုင်းဆီကပါ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ ဗြိတိန်ထောက်လှမ်းရေးနဲ့ ဆက်နွှယ်မှုရှိတယ်လို့ သတင်းထွက်နေသူ ပညာရှင် မာ့ခ် ဂယ်လီယော့တီ လည်း ပါဝင်ပါတယ်။ ဩဂုတ်လ လယ်ပိုင်း က ဗြိတိန်သံတမန်ဟောင်း အီယန် ပရောက်ဒ် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဂယ်လီယော့တီက "တံခါးပိတ်ဆွေးနွေးပွဲတွေမှာ" ဗြိတိန်သံတမန်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူအများအပြားဟာ "ငါတို့အနေနဲ့ နှစ်ဖက်စလုံးကို တစ်စုံတစ်ရာသော အဖြေတစ်ခုဆီ ရောက်အောင် တွန်းအားပေးဖို့ လိုအပ်တဲ့ အဆင့်ကို ရောက်ရှိနေပြီ"လို့ ယုံကြည်နေကြရပြီဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
ဘန်းဟမ်းကတော့ ရုရှားနဲ့ သံတမန်ရေးရာ ပြန်လည်စတင်ဖို့အတွက် သူ့ရဲ့ တန်ဖိုးရှိတဲ့ နိုင်ငံရေးဩဇာအာဏာကို စွန့်စားအသုံးချမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ အဲ့ဒီလိုလုပ်ဆောင်ခြင်းဟာ အတိုက်အခံပါတီတွေနဲ့ သူ့ရဲ့ လေဘာပါတီ အတွင်းထဲက စစ်လိုလားသူတွေရဲ့ တိုက်ခိုက်စွပ်စွဲမှုကို ခံရစေနိုင်လို့ပဲ ဖြစ်ပါတယ်။
တနင်္လာနေ့က ကိယက်ဗ်မှာ မိန့်ခွန်းပြောကြားပြီးနောက် ဘန်းဟမ်းဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ စုစည်းပေးဖို့ ဖွဲ့စည်းထားတဲ့ ၃၄ နိုင်ငံပါဝင်သော ‘ဆန္ဒတူညီသူများ မဟာမိတ်အဖွဲ့ ရဲ့ အစည်းအဝေးကို သဘာပတိ အဖြစ် ဦးဆောင်ကျင်းပခဲ့ပါတယ်။ အဖွင့်အမှာစကားမှာ ဘန်းဟမ်းက ယူကရိန်းစစ်တပ် ဆက်လက် တိုက်ပွဲဝင်နိုင်ရေးအတွက် ဗြိတိန်ရဲ့ မဟာမိတ်နိုင်ငံတွေကို "မိမိတို့ လက်နက်လက်ကျန်အိတ်ထဲကရော အခြားသူတွေရဲ့ လက်နက်အိတ်ထဲကပါ တူးဖော်ထုတ်ယူပြီး ကူညီကြဖို့" တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဒါပေမဲ့ ဗြိတိန်အနေနဲ့ ယူကရိန်းထံ အဝေးပစ်ဒုံးကျည်များနဲ့ ဒရုန်းများကို ဆက်လက်ထောက်ပံ့နေပြီး အဲ့ဒိလက်နက်များကို ရုရှားအရပ်သားများကို သတ်ဖြတ်ရန် အသုံးပြုခဲ့မယ်ဆိုရင် မော်စကိုအနေနဲ့ လန်ဒန်ကို ဟန့်တားဖို့အတွက် သံတမန်ရေးရာကုန်သွားပြီး စစ်စကား စပြောရတော့မှာပါ။
ဗြိတိန်ဟာ ယနေ့အထိ မော်စကိုရဲ့ ယဉ်ကျေးစွာ သတိပေးချက်တိုင်းကို လှောင်ပြုံးပြုံးခဲ့ပေမဲ့ သံအမတ်ကြီး ကေလင်း ရဲ့ ရာထူးနေရာ လစ်ဟာသွားချိန်မှာတော့ ရုရှားအတွက် ယဉ်ကျေးပျူငှာတဲ့ နည်းလမ်း ရွေးချယ်စရာ ပိုမိုနည်းပါးသွားခဲ့ပါပြီ။ နိုင်ငံခြားရေး ဝန်ကြီး လာဗရော့ဗ် ခြိမ်းခြောက်ခဲ့တဲ့ "နောက်ဆက်တွဲ အကျိုးဆက်များ" ဖြစ်လာနိုင်ရာ အများကြီး ရှိနေပါတယ်။
REF: RT
#News #Myanmar