Eleven Media Group

ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ကြီးလင်မယားနှစ်ဦး နေအိမ်အတွင်း အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု ယူဆရသည့် သမက်ဟောင်းဖြစ်သူအား သက်ဆိုင်ရာက ဖမ်းဆီးရမိထား

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ကြီးလင်မယားနှစ်ဦး နေအိမ်အတွင်းအသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု ယူဆရသူ သမက်ဟောင်းဖြစ်သူအား သက်ဆိုင်ရာက ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ (၂၂) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က ညောင်လမ်းကျေးရွာ ရပ်ကွက် (၇) တွင် နေထိုင်သည့် အသက် (၇၆) နှစ်အရွယ် ဦးမောင်တင်၏ ရုပ်အလောင်းအား နေအိမ်အိပ်ခန်းအတွင်း ဦးခေါင်းညာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာနှစ်ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးနေသည် ကိုတွေ့ရပြီး၊ ဇနီးဖြစ်သူ အသက် (၇၆) နှစ်အရွယ် ဒေါ်ယဉ်မေ ၏ ရုပ်အလောင်းအား နေအိမ် ဘုရားစင်အရှေ့ ရှိ အိပ်ယာပေါ်တွင် လည်ပင်းရှေ့ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာ က စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ကျူးလွန်သူအား ဖေါ်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြ သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ယခင်က သမက်တော်စပ်ခဲ့ ဖူးသူ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ် - ရပ်ကွက်နေ အသက် (၄၆) နှစ်အရွယ် အောင်အောင် ဆိုသူအား မသင်္ကာသဖြင့် စုံစမ်းလျှက်ရှိရာမှ ၊ယမန်နေ့ ဩဂုတ်လ (၂၄) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်ခန့် တွင် အဆိုပါ အောင်အောင်ဆိုသူအား မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ် - ရပ်၊ မော်လမြိုင် - ကျိုက္ခမီကားလမ်းဘေးရှိ နီလာရွှေစင် စက်သုံးဆီဆိုင်အနီးတွင် တွေ့ရှိရ၍ ခေါ်ယူစစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အောင်အောင် ဆီက သေဆုံးသူ ဒေါ်ယဉ်မေထံကနေ ယူဆောင်သွားတဲ့ အလေးချိန် (၂) ရွေး (၃) စိပ် ရှိ နားကပ် (၁) ရံ ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သလို၊ ပြစ်မှုကျူးလွန်ကြောင်းကို လည်း ဝန်ခံထွက်ဆိုထားတယ်လို့လည်း သိရပါတယ်” ဟု ပြောကြားသည်။

ထိုနောက် အောင်အောင် ဆိုသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် အမှုစစ်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ ဦးမောင်တင်နှင့်ဇနီးဖြစ်သူ ဒေါ်ယဉ်မေ အသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ချောင်းဆုံမြို့မရဲစခန်း တွင် (ပ) ၄၈/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

■Photo Credit - ရွာလွတ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့

မူရင်းသတင်း — Eleven Media Group