








မြောက်ဥက္ကလာ၊ ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းကမရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ၀န်ကြီးချူပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြရာ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း နှင့် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးဝိုင်း နှင့် ပန်းပွားအက တို့ဖြင့် ကပြ ကြိုဆိုကြသည်။
ဦးစွာ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးမျိုး၀င်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် တာ၀န်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကိုကျင်းပရာ က ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ၊ အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န်ရှိသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စာအုပ်စာစောင်ပြပွဲနှင့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မီးသတ်တပ်ဖွဲ့ပညာပေးပြခန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ပညာပေးပြခန်းများ၊ ယာဥ်ထိန်းရဲ ပညာပေးပြခန်းများ၊ ကြက်ခြေနီတပ်ဖွဲ့၏ ပညာပေးပြခန်းများ၊စာအုပ်စာစောင်ပြခန်းများ၊ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာပေ စကားဝိုင်းဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာအုပ်အရောင်းဆိုင်ရာ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို မြတ်ခရေခန်းမ၌ ဆက်လက်ကျင်းပရာ အမှတ်(၁) အခြေခံပညာအ ထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စာပေ ဟောပြောမည့် စာရေးဆရာမအား ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုငွေပေးအပ်ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းများပြန်လည် ပေးအပ်ခဲ့သည်။ယင်း နောက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ၊ ကျောင်းသူ လေးများက "ထိန်းသိမ်းစို့လေ စာပေ အမွေ" နှင့် အောင်မြင်ပါစေ မြန်မာပြည်"သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မကုန်းခရိုင် အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းသား/သူ လေးများက "နှလုံးသားကို အလှဆင်ပါ "သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေခဲ့ပြီး ပွဲတော်လာ ကျောင်းသားလူငယ်များအား စာရေးဆရာမ ပုညခင်က "စာပေ" အကြောင်း အသိပညာပေးဟောပြောပြီး မရမ်းကုန်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း အသီးသီးဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပွဲတော်တွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ၊ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စွမ်းပဟေဠိ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ နှင့် ဂိမ်းကစားနည်းပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ပွဲတော်တွင် ပါဝင်ဆင်နွဲသည့် ကျောင်းသား ကျောင်းသူများအား ကြက်ဆီထမင်းဘူးများ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar