
ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ခိုက်ကျေးရွာနှင့် နွားခြံကုန်း ကျေး ရွာကြားတွင် စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က အဆိုပါ ကော့ကရိတ်မြို့နယ် ကော့ခိုက်ကျေး ရွာနှင့် နွားခြံကုန်းကျေးရွာကြား ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် နေရာအား လူ (၈) ဦး၊ မော်တော်ဆိုင်ကယ် (၂) စီးနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် စက်လှေတစ်စီးမှာ စက်ချို့ယွင်းမှုဖြစ်ပွားပြီး အလေးချိန်များ သည့်အတွက်ကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စက်လှေတိမ်းမှောက်တော့ ဒေသခံတွေက သွားကယ်ကြတယ်။ လူ (၇) ဦးကိုတော့ အချိန်မီကယ်လိုက်နိုင်ပေမယ့် ဆရာမကိုတော့ သူဝတ်ထားတဲ့ အဝတ်အစားကြောင့်ထင်တယ်။ ရေပေါ် ပြန်မပေါ်လာတော့ မကယ်လိုက်နိုင်ကြဘူး။ နောက်မှ လူမပြည့်မှန်းသိရတော့ လိုက်ရှာကြရင်းနဲ့ မွန်းလွဲ (၃) နာရီလောက်မှ ဆရာမရဲ့ ရုပ်အလာင်းကို ပြန်တွေ့ကြတာ။ ဆိုင်ကယ် (၂) စီးလည်း ရေနစ်သွားလို့ ပြန်မဆယ်နိုင်ကြသေးဘူး” ဟု ပြောကြားသည်။
ရေနစ်သေဆုံးခဲ့သည့် ကျောင်းဆရာမမှာ နွားခြံကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ၎င်းနှင့်အတူ လုပ်ဖေါ်ကိုင်ဖက် (၃) ဦးမှာ ကျောင်းတွင် ကျင်းပပြုလုပ်မည့် လက်ချည်းပွဲအတွက် လိုအပ်သည့် ပစ္စည်းများအား ဝယ်ယူပြီးနောက် ကောခိုက်ကျေးရွာဘက်မှ နွားခြံကုန်း ကျေးရွာဘက်သို့ စက်လှေစီး၍ ပြန်လာကြရာမှ စက်လှေတိမ်းမှောက်ကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် ကရင်ပြည်နယ်အတွင်းရှိ သောင်းရင်းမြစ်၊ ဇမိမြစ်၊ လှိုင်းဘွဲ့မြစ် (ချောင်း) များ ရေလျှံမှုများဖြစ်ပါ်မှုကြောင့် ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အပြင် ကားလမ်းများအပေါ်ရေကျော်နေ၍ ခရီးသွားလာရေးအတွက် စက်လှေများကိုသာ အသုံးပြုကာ သွားလာနေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်မျးအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက် (၉) နာရီအချိန်ခန့်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် လှိုင်ကနီ ကျေးရွာအနီး အင်းအတွင်း ခရီးသည် (၁၁) ဦးလိုက်ပါလာသည့် စက်လှေတစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ သေးပြီး ခရီးသည်များအားလုံးအား ဒေသခံပြည်သူများက အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။