


မြစ်ကြီးနား၊ သြဂုတ် ၂၅
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတပိုမိုသိရှိနားလည်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၅ ရက်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာများအထိကွင်းဆင်း၍ ဆွေးနွေးသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာရှိ ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိခန်းမ၌ တွေ့ဆုံခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာအားသာချက်များနှင့် သိလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှုအစီအမံများ၊ ဧရာဝတီမြစ်တစ်လျောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်သို့ကြီးကြပ်ဆောင်ရွက်သွားမည်/မည်သူကကြပ်မတ်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်းနှင့် ဒေသခံများ၏ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ ဝင်များက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။
အလားတူ ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးနှင့် ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာ၊ နယ်မြေ(၄)ရှိ ကျေးရွာပြည်သူ့ခန်းမ၌ ဧရာဝတီ မြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကျေးရွာနေပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#Myanmar #News