Eleven Media Group

■ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် (ရေဝဲတိုး) အလျား(၃ဝဝ)ပေ၊ အနံ(၆၀)ပေခန့်ရှိ ဆည်မြောင်းတာ အိပဲ့ကျမှု ညောင်တုန်းမြို့နယ်၌ ဖြစ်ပွားခဲ့ပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း တိုင်းအစိုးရအဖွဲ့ထုတ်ပြန်

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် (ရေဝဲတိုး) အလျား(၃ဝဝ)ပေ၊ အနံ(၆၀)ပေခန့်ရှိ ဆည်မြောင်းတာအိပဲ့ကျမှု ညောင်တုန်းမြို့နယ်၌ ဖြစ်ပွားခဲ့ပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်၌ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) ၊ တာမိုင် (၁၀/၆) နှင့် (၁၀/၇)ကြားတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် (ရေဝဲတိုး) အလျား(၃ဝဝ)ပေ၊ အနံ(၆၀)ပေခန့်ရှိ ဆည်မြောင်းတာအိပဲ့ကြမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘိုဘိုကျော်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင် တို့၏ အနီးကပ် ကြီးကြပ်မှုနှင့် မြစ်ကမ်းပြိုကျမှုနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများဖြစ်သည့် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊ ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်တို့မှ ဦးဆောင်၍ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါလျက် နံနက် ၀၇၃၀ အချိန်မှစ၍ တာတမံပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဘက်ဟိုး (၃)စီး၊ စုစုပေါင်းပြည်သူအင်အား ၁၀၀၀ ကျော်ခန့်ဖြင့် လတ်တလောဆောင်ရွက်လျက်ရှိပြီး စိုးရိမ်စရာအခြေအနေမရှိပါကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

မူရင်းသတင်း — Eleven Media Group