Myanmar National Post

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်










နေပြည်တော်၊ ဩဂုတ် ၃၁

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ . ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော် ကောင်စီနယ်မြေမှ ကျောင်းသူ လူငယ်မောင်မယ်လေးများက “ပညာဂုဏ်ရည်မြင့်မား နိုင်ငံ့ကြယ်ပွင့်များ” တေးသီချင်း ဖြင့် သရုပ်ဖော်ကပြတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံကိုခေတ်မီ နိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခန့်ညားထည်ဝါစွာ ရပ်တည်နိုင်စေရန်အတွက် အရည်အသွေးပြည့်ဝသည့် ပညာတတ် လူငယ်များ၏ စွမ်းရည်စွမ်းအားမြင့်မားမှုသည် ပဓာနကျကြောင်း၊ အတွေးအခေါ် မြင့်မားပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် ထူးချွန်လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးအနဂ္ဃ ထိုက်တန်သည့် အမြုတေရတနာများပင်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့် စွမ်းဆောင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းရှိကြသည့် အရင်းအမြစ်များလည်း ဖြစ်ကြကြောင်း။

ယခုဆုနှင်းသဘင်ခန်းမအတွင်း၌ ရောက်ရှိနေကြသည့် ဆုရကျောင်းသား၊ ကျောင်းသူများ သည် အခြေခံပညာနှင့် အသိဉာဏ် ပြည့်စုံကြွယ်ဝကြသူများ၊ ရည်မှန်းချက် မြင့်မားကြသူများ ဖြစ်ကြပြီး ဇွဲလုံ့လဝီရိယနှင့် တစိုက်မတ်မတ် ကြိုးစားအားထုတ်ခဲ့ကြသဖြင့် ယခုကဲ့သို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့အပြင် ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့်အဆင်မြင့်ပညာကို အပတ်တစ်ကုတ် သင်ယူပြီး ဘဝအောင်မြင်ရေးအတွက် ထူးချွန်ထက်မြက်အောင် ဆက်လက် ကြိုးစားသွားကြ လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်ကြောင်း။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှကျောင်းသားများအပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများမှ ကျောင်းသားများလည်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း၊ ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင် နှုန်းသည် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်သဖြင့် ယခင်နှစ်များထက် အောင်ချက် ရာနှုန်းတိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ ထို့အပြင် ယခုနှစ်တွင် စတင်ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း သည်လည်း ၄၉ ဒသမ ၇ ရာခိုင်နှုန်းရရှိခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံ့ပညာရေးအတွက် အားရဂုဏ်ယူစရာပင် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူး ရရှိသူ ( ၆၇၄)ဦး၊ တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ ( ၃၂) ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ဘာသာစုံဂုဏ်ထူး ရရှိသူ (၃) ဦး၊ တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ (၅၀) ပေါ်ထွက်ခဲ့ကြောင်း

ယနေ့အခမ်းအနားတွင် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၀၇) ဦးကို ရွှေစင်(၁)ကျပ်သား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှုရလဒ်များကို မှတ်ကျောက်တင် ဂုဏ်ပြုပေးခြင်းဖြစ်သဖြင့် အဆင့်မြင့်ပညာကို ဆက်လက်ထူးချွန်အောင် ကြိုးစားရန် မြှောက်စားအားပေးခြင်းလည်း ဖြစ်သည်ကို ပြောကြားလိုကြောင်း။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့်အရည်အချင်းများသည် အဓိကကျပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာလျင် ဘက်စုံထူးချွန်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားများ၏ စွမ်းပကားနှင့် ခေတ်မီနိုင်ငံတော်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် စက်မှုလက်မှု၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးမြှင့်နိုင်ရေးအတွက် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို JOJR-JOJS ပညာသင်နှစ်ကစပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခုဆိုပါက (၉၂)ကျောင်းအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယင်းကျောင်းများမှ သင်ယူပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ယခုပညာသင်နှစ် ကစပြီး အခြေခံပညာအလယ်တန်းဆင့်၌ပါ သက်မွေးပညာရပ်များကို ထည့်သွင်း သင်ကြားပေးနေပြီ ဖြစ်ကြောင်း။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို အလေးအနက်ထားမှာကြားလိုသည်မှာ မိမိတို့ နိုင်ငံ၏ ရေမြေတောတောင်သဘာဝ ပထဝီဝင်နှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ၊ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို သေသေချာချာသိရှိအောင် လေ့လာစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာပြီး မှန်ကန် သည့်လုပ်ရပ်များနှင့် နိုင်ငံကို အကျိုးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်း အပြန် အလှန် လေးစားမှုရှိပြီး မတူကွဲပြားမှုများကို အမျိုးသားရေးစွမ်းအားအဖြစ် ရှုမြင်သုံးသပ်နိုင်သည့် စိတ်ထားရှိအောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများ ဖြစ်သဖြင့် ပြောဆိုလုပ်ကိုင်မှု မှန်သမျှတွင် သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုး စီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန်မှာကြားလိုကြောင်း။

ထိုကဲ့သို့ အခြေခံသဘောတရားများကို သိရှိနားလည်ရန်၊ စဉ်းစားဆင်ခြင် သုံးသပ်နိုင်ရန် အတွက် အဓိကအနေဖြင့် အသိပညာဗဟုသုတ ပြည့်စုံရန်လိုကြောင်း၊ အသိပညာမရှိပါက မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်စွမ်းမဲ့ပြီး လွဲမှားသည့် အယူအဆများနှင့် မိမိကိုသာမက ပတ်ဝန်းကျင်ကိုပါ အကျိုးယုတ်ပျက်စီးစေနိုင်ကြောင်း၊ ထို့ကြောင့် အသိဉာဏ်ပညာပြည့်ဝပြီး အကျင့်စာရိတ္တ ကောင်းမွန်ရန် စာများများဖတ်သည့် အလေ့အကျင့်ကို မွေးမြူကြရန်နှင့် သုတ၊ ရသ စာပေအမျိုးမျိုးကို လေ့လာဖတ်ရှုကြရန်၊ စိတ်ထဲတွင် စွဲမြဲအောင်မှတ်သားပြီး ဘဝအတွက် ကျင့်သုံးလိုက်နာ သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဒီဂျစ်တယ် စီးပွားရေး နှင့် Al အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာသည်ကို တွေ့ရကြောင်း၊ လူငယ်များအနေဖြင့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်သိရှိပြီး သိပ္ပံနှင့်နည်းပညာ အခြေပြုစွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလိုကြောင်း၊ ခေတ်မီပညာရပ်များကို လက်လှမ်းမီ ရှာဖွေနိုင်ရန် လူမှုကွန်ရက်နှင့် အင်တာနက်များကို မှန်မှန်ကန်ကန်၊ အကျိုးရှိရှိ အသုံးချရန် လိုအပ်ကြောင်း၊ အကျိုးမရှိသည့် တလွဲအသုံးပြုမှုများနှင့် အမှားမလုပ်မိကြရေးကိုလည်း သတိပေး မှာကြားလိုကြောင်း။

နိုင်ငံတိုးတက်ရေး လူတိုင်းအလုပ်လုပ်ကြရန် အရေးကြီးပြီး မိမိတို့ အသက်အရွယ်အလိုက် ကျွမ်းကျင်ရာလိမ္မာရာ သင့်လျော်သည့်လုပ်ငန်းဆောင်တာများကို သမ္မာအာဇီဝရှိရှိ၊ အတ္တနှင့်ပရ မျှမျှတတ ဆောင်ရွက်ကြရန်လိုကြောင်း၊ အချိန်ကို အချည်းနှီးမဖြစ်စေရေး အကျိုးရှိရှိ အသုံးချ ကြရမည်ဖြစ်ပြီး ပျင်းရိနေပါက အရာရာနောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်မိမိယှဉ်ပြိုင်ပြီး တိုးတက်အောင် လုပ်ကြရန်နှင့် ရည်မှန်းချက် မြင့်မြင့်ထားပြီး စဉ်ဆက်မပြတ်အားထုတ် ဆောင်ရွက် ကြရန် တိုက်တွန်းလိုကြောင်း။

ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်အောင်နေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားမှုနှင့်အတူ ဝါသနာပါရာ အားကစားတစ်မျိုးမျိုးကို လေ့လာလိုက်စားသင့်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသူများဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခြင်းသည် နိုင်ငံတော်ကို အကျိုးပြုရာရောက်ပြီး ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ဘဝအတွက် အားနည်း၍မရနိုင်သည့် အခြေခံလိုအပ်ချက်များဖြစ်သည်ကို အားလုံးက သတိရှိကြရန်မှာကြားလိုကြောင်း။

နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ထိထိရောက်ရောက် အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ယခုမိမိတို့အစိုးရသစ် ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပြီး လူငယ်ရေးရာမူဝါဒများ ချမှတ်ကာ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ တိုင်းတစ်ပါးနိုင်ငံများကို သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့ အရင်းအမြစ်များ များစွာဆုံးရှုံးရကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိတို့နိုင်ငံက သင်ပေးလိုက်သည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို အပြည့်အဝအကျိုးပြုပြီး ပြန်လည် ကျေးဇူးဆပ်နိုင် ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ဘဝရှင်သန်ရပ်တည်ရေးအတွက် အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင် လိမ္မာရန် လိုသကဲ့သို့ ဘာသာတရား၏ အဆုံးအမနှင့်အညီ ကိုယ်၊ နှုတ်၊ နှလုံး ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်ကြရန်လည်း သင်ယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူသည့် ပြည့်စုံရမည့် ဦးတည်ချက်များကို ချမှတ်သင်ကြား လေ့ကျင့် ပေးနေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုတန်ဖိုးထားမြတ်နိုးပြီး အမျိုး၊ ဘာသာ၊သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လည်း လိုကြောင်း၊ ထိုသို့ဆောင်ရွက် မှသာ အဘက်ဘက်ကထူးချွန်ပြည့်စုံသည့် နိုင်ငံတော်က အားကိုးထိုက်သည့် လူတော် လူကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း။

နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာ နေထိုင်တတ်ပြီး ထူးချွန် ထက်မြက်သည့် လူရည်ချွန်လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်၊ နိုင်ငံနှင့်လူမျိုး အကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့် သယ်ပိုးထမ်းရွက်ကြရန်၊ နိုင်ငံ့အနာဂတ်ကို ပညာဖြင့်ထုဆစ် ပုံဖော်နိုင်သည့် ရှေ့ဆောင် လမ်းပြကောင်းများဖြစ်စေရေး ဘဝတွင် အောင်မြင်မှုများ ရအောင် ကြိုးပမ်းကြရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက် ရာတွင်လည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ကျေပွန်အောင် ပူးပေါင်းပါဝင် သွားကြရန်တိုက်တွန်းလိုကြောင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မသိရီစိုး၊ မအေးချမ်းမြေ့၊ မောင်စည်သူဗိုလ်၊ မသက်နှင်းစံ၊ မောင်ဉာဏ်ဟိန်းဇေ၊ မမေဇင်ဖုန်းမြတ်၊ မအိကေဇင်၊ မသင်းပျံ့ပြည့်စုံခင်၊ မောင်ဘုန်းတေဇာသွေး၊ မဆောင်းနှင်းဖြူနှင့် မခင်ငြိမ်းစု တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးအားလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးအားလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများ အား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်မှ မနှင်းဝင့်ထည် က ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသားလူငယ်များကို အရည်အသွေးမြင့် ပညာတတ် လူသားကောင်းများဖြစ်စေရန်အတွက် အဘက်ဘက်မှ စေတနာထားဖြည့်ဆည်း ပံ့ပိုးပေးလျက် ရှိနေသည်ကို မိမိတို့အနေဖြင့် လက်တွေ့ခံစားခဲ့ရပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့လူငယ်များ အနေဖြင့် ရရှိခဲ့သည့်အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်း အားထုတ်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ အောင်မြင်မှုများကို ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြု ပြီး နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှောက်ပေးသည့်အတွက် နိုင်ငံတော် သမ္မတကြီးနှင့်တကွ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ယခုကဲ့သို့အောင်မြင်မှုများ ရရှိခဲ့ခြင်းသည် နိုင်ငံတော်အစိုးရ၏ စေတနာနှင့် အထောက်အပံ့ကောင်းများကြောင့် ဖြစ်သည်ကို လေးစားစွာတင်ပြလိုပါကြောင်း၊ ထို့ ကြောင့် နိုင်ငံတော်အစိုးရ၏ ကျေးဇူးတရားကို လေးလေးနက်နက်ခံယူပြီး နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် နေထိုင်သွားမည် ဟု သန္နိဋ္ဌာန်ပြုပါကြောင်း၊ မိမိတို့ လေ့လာသင်ယူခဲ့သည့် ပညာရပ်ဗဟုသုတများနှင့် အများအကျိုးသယ်ပိုးပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ပညာတတ်လူလိမ္မာများဖြစ်အောင် ကျင့်ကြံနေထိုင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးကို ချစ်မြတ်နိုးပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်မှပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်သွားမည် ဟု ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကတိပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော် ကောင်စီနယ်မြေမှ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများက “ထူးချွန်သူတို့ ဂုဏ်ပြုစို့” တေးသီချင်းဖြင့် သရုပ်ဖော် ကပြတင်ဆက်ကြသည်။

ယင်းနောက်နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်သမ္မတက ထူးချွန် ကျောင်းသား၊ ကျောင်းသား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အခမ်းအနား တက်ရောက်လာကြသူများသည် ဆုရကျောင်းသား၊ ကျောင်းသူမျာနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post