Myanmar National Post

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦး ကို အစုလိုက် အပြုံလိုက် ရက်စက်စွာ သ-တ်ဖြတ်




နေပြည်တော် ၊ ဩဂုတ် ၃၁

NUGအမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံး အဆောက်အအုံများကို ပစ်ခတ် တိုက်ခိုက်ခြင်း၊ အေးချမ်းစွာနေထိုင်လျက်ရှိသော ဒေသခံပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံး များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများအပြင် မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်၍ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဖမ်းဆီးနှိပ်စက် ပစ်ခတ်သတ်ဖြတ်ခြင်းများကို နည်းမျိုးစုံဖြင့် ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ ကျူးလွန်လျက်ရှိကြသည်။

ထိုသို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာ၏ အနောက် မြောက်ဘက်မှ လက်နက်ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူ ၂၅ ဦးခန့်သည် မော်တော်ယာဉ် ၃ စီး၊ မော်တော်ဆိုင်ကယ်များဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့အရပ်သား ပြည်သူများဖြစ်ကြသော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက် (၄၄)နှစ်၊ ဦးမောင်သိန်း (၄၃)နှစ်၊ ဦးချစ်စမ်းမောင် (၄၄)နှစ်၊ ဦးဗိုလ်သက်လင်း (၄၀)နှစ်၊ ဦးသန်းဌေးအောင် (၃၉) နှစ်၊ ဦးဝေယံစိုး (၃၂)နှစ်၊ ဦးဇော်ခက်(၄၅)နှစ်၊ ဦးဟိန်းဝဏ္ဏဇော် (၂၂)နှစ်၊ ဦးဝင်းနိုင် (၄၄)နှစ်၊ ဦးအုန်းမောင် (၆၃)နှစ်၊ ဒေါ်ခင်မူ (၄၄)နှစ်နှင့် ဒေါ်လဲ့လဲ့ဝင်း (၄၄)နှစ် တို့ဖြစ်၍ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား လက်နက်အားကိုးဖြင့်အကြောင်းမဲ့ ယုတ်မာရိုင်းစိုင်းစွာ လက်နက်ငယ်များဖြင့် ရက်ရက် စက်စက် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားမှုအား သိလျင်သိချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သောင်း ကျန်းသူများ ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့ပြည်သူ(၁၂)ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ရပြီး အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား မလှိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PDFအကြမ်းဖက်သမားများအနေဖြင့် အလားတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post