Eleven Media Group

■  ကချင် ပြည်နယ် အစိုးရအဖွဲ့မှ စစ်ဘေးရှောင်စခန်း ၄၁ ခုအတွက် ဆန်အိတ် ၅၀၀၀ ကျော် ထောက်ပံ့

ကချင် ပြည်နယ် အစိုးရအဖွဲ့မှ စစ်ဘေးရှောင်စခန်း ၄၁ ခန်း အတွက် ဆန်အိတ် ၅၀၀၀ ကျော် ထောက်ပံ့ပွဲကို မြစ်ကြီးနားမြို့ရှိ မနောရွှေပြည်ခန်းမတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၂၁ ခန်း ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၂,၃၄၅ စု၊ လူဦးရေ ၁၁,၉၂၇ ဦးအတွက် ဆန်အိတ် ၂,၃၄၅ အိတ်၊ကာလတန်ဖိုး ကျပ်သိန်းပေါင်း၂၂၀၀ ကျော်ကိုလည်းကောင်း၊
မြစ်ကြီးနားမြို့ပေါ်ရှိ စခန်း ၂ဝခု ၊အိမ်ထောင်စု ၁၆၉၄ အတွက် တစ်အိမ်ထောင် တစ်အိတ်နှုန်းဖြင့်ကျပ်သိန်းပေါင်း၁၁ဝဝကျော်ကိုလည်းကောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့သည်။

မြစ်ကြီးနားမြို့ရှိ မနောရွှေပြည်ခန်းမတွင် ဩဂုတ် ၂၉ ရက်နှင့် စက်တင်ဘာ ၁ ရက် နေ့တွင် အခမ်းအနားဖြင့်ကျင်းပခဲ့ပြီး ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်ပွဲရှောင်ပြည်သူများကို ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝန်ကြီးချုပ်က တိုက်ပွဲရှောင်ပြည်သူများ၏ အခြေခံစားဝတ်နေရေး အခက်အခဲများ လျော့ပါးစေရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သမျှ ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ရှောင်များကို ပြောကြားခဲ့သည်။

ယခု ထောက်ပံ့မှုမှာဝိုင်းမော်မြို့ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅) ရပ်ကွက်များနှင့် မုတ်လွဲ၊ ခတ်ချို၊ မိုင်းနား၊ နောင်တာလော စစ်ရှောင်စခန်းများ၊ဝူယန်ကျေးရွာအုပ်စုများရှိ ယာယီတိမ်းရှောင်စခန်းများအတွက်ဖြစ်သည်။ယင်း‌စစ်ရှောင်များမှာလမြန်၊ မဒိန်၊ ရွှေညောင်ပင်၊ မုတ်လွဲ၊အောင်မြေ(၁)(၂)၊နောင်စီပေါ၊ ဂါးရာယန်၊ကဇူး၊နမ့်ဆန်ယန်၊ ဒဘတ်ယန်၊ မလန်းယန်၊ ဝါးရှောင်၊ နန့်ဝါ၊ ဒိန်ဂျန်ယန်၊ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊ အင်ဂျန်းယန်နှင့်ဆဒုံးဒေသများမှ တိုက်ပွဲရှောင်ပြည်သူများဖြစ်သည်။စစ်ဘေးရှောင်ပြည်သူ များကလည်း ကျေးဇူတင်ကြောင်း နှင့် ခက်ခဲနေမှုအခြေအနေများကို တင်ပြခဲ့ကြသည်။

ယခင်နှစ်များကလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် စသည့်များ ထောက်ပံ့ခဲ့သည်။

မူရင်းသတင်း — Eleven Media Group