
စက်တင်ဘာ - ၄ ( သောကြာနေ့ )
အမေရိကန်အစိုးရက ပိတ်ပင်ထားပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော်ဟာ ရုရှားမှာ ဆက်လက် စီးပွားရေးလုပ်ကိုင်နေကြပြီး ရုရှားစျေးကွက်ထဲကနေ ထွက်ခွာဖို့ အစီအစဉ်လည်း မရှိကြပါဘူးလို့ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) စည်းရုံးရေးကော်မတီ၏ အလုပ်အမှုဆောင်အတွင်းရေးမှူး အန်တွန် ကိုဘယာကော့ဗ် က EEF ဖိုရမ်ကျင်းပစဉ်အတွင်း TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ စျေးကွက်ထဲမှာ အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော် ဆက်ကျန်နေပါသေးတယ်" လို့ ကိုဘယာကော့ဗ်က ပြောပါတယ်။ "အမေရိကန်အာဏာပိုင်တွေက ကုမ္ပဏီတွေကို တိုက်ရိုက်ပိတ်ပင်တာ ဒါမှမဟုတ် ရုရှားမှာ မလုပ်ကိုင်ဖို့ တားမြစ်ထားတာတွေ ရှိနေပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ဟာ ရုရှားစျေးကွက်ထဲမှာ ဆက်လက် အလုပ်လုပ်နေကြတာပါ"လို့ ဆိုပါတယ်။
သူ့ရဲ့ ပြောကြားချက်အရ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေဟာ ရုရှားနဲ့ ဆက်သွယ်မှုတွေကို ထိန်းသိမ်းထားကြပြီး အချို့ဆိုရင် အခုထိ မော်စကိုနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေကြတုန်းပဲ ဖြစ်ပါတယ်။
"ဘယ်သူမှ ထွက်မသွားချင်ကြပါဘူး။ အားလုံးက ဒီလို ဆက်သွယ်ရေးလမ်းကြောင်းတွေရဲ့ တန်ဖိုးကို နားလည်ကြသလို သူတို့ရဲ့ ကိုယ်ပိုင် စီးပွားရေးအကျိုးအမြတ်တွေကိုလည်း နားလည်ကြပါတယ်" လို့ သူက ဆိုပါတယ်။ ဒါ့အပြင် အချို့ဥရောပ ကုမ္ပဏီတွေဆိုရင် ကျနော်တို့နဲ့ ဆက်မလုပ်နိုင်အောင် သူတို့ အစိုးရအဖွဲ့တွေရဲ့ ဖိအားပေး ကျပ်တည်းစေမှုကို ခံနေကြရတယ်လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
ကိုဘယာကော့ဗ်ရဲ့ အဆိုအရ ရုရှားမှာ ဆက်နေဖို့ ဆုံးဖြတ်ထားသူတွေအတွက် ရုရှားအစိုးရဘက်က ဘာအတားအဆီးမှ မဖန်တီးပေးဘဲ ရုရှားကုမ္ပဏီတွေနဲ့ တန်းတူအခွင့်အရေး ပေးထားသလို ရုရှားရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအဖြစ်ပဲ သတ်မှတ်ဆက်ဆံပေးနေတယ်လို့ ဆိုသွားပါတယ်။
REF: Tass
#News #Myanmar