Eleven Media Group

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်မည်

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်က အဆိုပါစက်ရုံ၌ကျင်းပသည့် ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖို လည်ပတ်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ TPE ကုမ္ပဏီနှင့်ချုပ်ဆိုမည့် စာချုပ်ဆိုင်ရာအချက်အလက်များကို စနစ်တကျစိစစ်ဆောင်ရွက်သွားရန်၊ စာချုပ်တွင် စီမံကိန်း၌ပြီးစီးထားသည့် အလုပ်ရုံများကို အသိအမှတ်ပြုလက်ခံနိုင်ရေး၊ ဆောင်ရွက်ရမည့်နယ်ပယ်အလိုက် အချိန်ကာလနှင့်တန်ဖိုးသတ်မှတ်ရေး၊ လုပ်ငန်းစဉ်များပြီးဆုံးပါက ရရှိမည့်ရလဒ်နှင့်တာဝန်ယူရမှုတို့ကို ပြည့်စုံအောင်ဖော်ပြပါရှိရေး တာဝန်ရှိသူများကပေါင်းစပ်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်၏ စစ်ဆေးခဲ့သည့်အစီရင်ခံစာနှင့်စာချုပ်မူကြမ်းတို့ကို တိုက်ဆိုင်စစ်ဆေးရန်၊ သံစိမ်းထုတ်လုပ်မှု၊ အရည်အသွေး၊ ဆက်တိုက်လည်ပတ်နိုင်မှုနှင့် ကုန်ကြမ်းသုံးစွဲမှုနှုန်းထားများကို တိကျစွာသတ်မှတ်ရန်နှင့်တာဝန်ယူမှုတို့ကိုပါ ညှိနှိုင်းရန် ပြောကြားခဲ့သည်။

ထို့ပြင် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများက သံရည်ကျိုမီးဖိုလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများတင်ပြမှုအပေါ် လုပ်ငန်းဆိုင်ရာများမှာကြားခဲ့သည်။

ဆက်လက်၍ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၌ စက်ရုံရှိဝန်ထမ်းများ၊ ပြည်တွင်း/ပြည်ပမှကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ စက်ပစ္စည်းများစစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အောက်တိုဘာ ၁၇ ရက် ညနေပိုင်းကလည်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စက်ရုံရိပ်သာ၌ စွန့်ပစ်အပူသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံလည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများစစ်ဆေးခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE နှင့် IED ကုမ္ပဏီတို့မှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အတူ TPE ကုမ္ပဏီမှ ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများကိုတွေ့ဆုံပြီး သံရည်ကျိုမီးဖိုအား ဘေးကင်းလုံခြုံစွာလည်ပတ်၍ အရည်အသွေးမီသံစိမ်းများ တည်ငြိမ်စွာထုတ်လုပ်နိုင်ရေး၊ စက်ပစ္စည်းများကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးနှင့် ရေရှည်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အခြေခံစနစ်များတည်ဆောက်နိုင်ရေး၊ သံရည်ကျိုမီးဖိုအလုပ်ရုံ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းနယ်ပယ်နှင့်လုပ်ငန်းစဉ်များ၊ သံရည်ကျိုမီးဖိုရှိစက်ပစ္စည်းများစစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းများအား အချိန်ဇယားများရေးဆွဲ၍ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group