Eleven Media Group

ပဲခူးမြို့တွင် ပဲခူးမြစ်ရေ တစ်လက်မနီးပါးခန့် ကျဆင်းလာခဲ့ပြီး မြို့တွင်းရပ်ကွက်များနှင့် လမ်းများပေါ်၌ ရေကြီးရေလျှံနေဆဲဖြစ်

​ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် စက်တင်ဘာ ၄ ရက်၌ ပဲခူးမြစ်ရေမှာ တစ်လက်မနီးပါးခန့် ပြန်လည်ကျဆင်းသွားခဲ့သော်လည်း မြို့တွင်းရပ်ကွက်များ၊ လမ်းများနှင့် ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ်တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

​မိုးဇလဦးစီးဌာန၏ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြို့၏ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာအထက် ၉၂၂ စင်တီမီတာသို့ ရောက်ရှိနေပြီး ယမန်နေ့က အမြင့်ဆုံးရောက်ရှိခဲ့သည့် ၉၂၃ စင်တီမီတာအောက် ၁ စင်တီမီတာ (တစ်လက်မနီးပါးခန့်) သာ ကျဆင်းသေးသဖြင့် ပဲခူးမြို့တွင်း ရပ်ကွက်များ၊ လမ်းများနှင့် ရန်ကုန်-မန္တလေး လမ်းမဟောင်းတို့ပေါ်တွင် ရေကြီးရေလျှံနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါမြစ်ရေမှာ နောက် ၁ ရက်အတွင်း ၃ လက်မခန့် ထပ်မံကျဆင်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားကြောင်း သိရသည်။

​စက်တင်ဘာ ၄ ရက် နံနက်ပိုင်း ပဲခူးမြို့ ဘူတာဝန်းကျင် အခြေအနေနှင့်ပတ်သက်၍ "ဒီနေ့မနက်အထိ ရထားတွေ ထွက်ပါသေးတယ်။ ဆိုင်ကယ်တွေကတော့ သိပ်မလွတ်တော့ပါဘူး။ ဘူတာရှေ့က ကြိုတဲ့ အိုးဝေ (သုံးဘီး) တွေတော့ ရှိပါတယ်။ လှေတော့ မစီးရသေးပါဘူး၊ ရေက ဝမ်းဗိုက်မလွတ်သေးလို့ပါ။ လက်ရှိ ရေအခြေအနေကတော့ ညက တစ်လက်မခန့် နည်းနည်းကျပါတယ်။ မိုးရေကျသွားတာလည်း ဖြစ်နိုင်ပါတယ်။ မတက်လည်း မတက်၊ မကျလည်း မကျလို့တောင် ပြောလို့ရပါတယ်။ မိုးကတော့ မဲနေပြီး ရွာလိုက်နားလိုက် ဖြစ်နေပါတယ်" ဟု ပဲခူးမြို့ခံတစ်ဦးက ဆိုသည်။

​ယမန်နေ့က ပဲခူးမြစ်ရေ မြင့်တက်လာခြင်းနှင့်အတူ မိုးများစွာ ရွာသွန်းခဲ့ပြီးနောက် ပဲခူးမြို့ပေါ်ရှိ ကျွန်းသာယာ၊ ကလျာဏီ၊ ဇိုင်းတောင်နှင့် မဇင်းရပ်ကွက်တို့အပါအဝင် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပဲခူး-ရန်ကုန် အဝေးပြေးကားလမ်းမကြီး၏ လမ်းပိုင်းအချို့နှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်မှ ဘူတာကြီးသို့ သွားသည့် လမ်းများပေါ်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

​ပဲခူးမြို့တွင်း ရေကြီးရေလျှံမှုများကြောင့် လူနေ၍မရတော့သည့် မြို့ပေါ်ရပ်ကွက်အချို့မှ ရေဘေးသင့်ပြည်သူ ၅၀၀ နီးပါးခန့်အား စက်တင်ဘာ ၂ ရက် ညနေပိုင်းမှစတင်၍ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ အချို့မှာ သတ်မှတ်ထားသည့် ရေဘေးယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်နေထိုင်ခြင်း မရှိသော်လည်း နီးစပ်ရာ အိမ်နီးချင်း၊ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်နေရသူများလည်း ရှိကြောင်း သိရသည်။

​လတ်တလောတွင် လူနေ၍ အဆင်မပြေတော့သည့် ကျွန်းသာယာရပ်ကွက်မှ လူ ၂၁၅ ဦးအား မင်္ဂလာဇေယျုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လည်းကောင်း၊ ကလျာဏီရပ်ကွက်မှ လူ ၅၇ ဦးအား ကလျာဏီသိမ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လည်းကောင်း၊ ဇိုင်းတောင်ရပ်ကွက်မှ လူ ၉၅ ဦးအား ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း အောက်ထပ်နှင့် ဝင်္ဂဘာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့၌ လည်းကောင်း၊ မဇင်းရပ်ကွက်မှ လူ ၁၂၇ ဦးအား လေးမျက်နှာဘုရားကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံနှင့် ဓမ္မိကာရာမဘုန်းတော်ကြီးကျောင်း ဆွမ်းစားကျောင်းဆောင်တို့၌ လည်းကောင်း အသီးသီး ရွှေ့ပြောင်းနေရာချထားပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်း ၁၃ ကျောင်းကိုလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

​စက်တင်ဘာ ၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ်ကွက်များသို့ စက်လှေများဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုပ်၊ သောက်ရေသန့်၊ အအေးနှင့် မုန့်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေကြသည့် တပ်ရင်းတပ်ဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ယာယီရေဘေးရှောင်စခန်းများသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် အပါအဝင် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

မူရင်းသတင်း — Eleven Media Group