



ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့ရှိအကြီးဆုံးသော အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို လှည့်လည်ကြည့်ရှုသည်။
ဦးစွာ ဒုတိယသမ္မတသည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဗလာဒီဗော့စတော့မြို့ရှိ မြို့တော်အတွက် လျှပ်စစ်ဓာတ်အားနှင့် အပူပေးရေးအတွက်အရေးပါသည့် အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ် အားပေးစက်ရုံသို့ ရောက်ရှိရာ JSC" Far Eastern Generating Company ၏ "Vladivostok CHP-2" ဖွဲ့စည်းပုံဆိုင်ရာဌာနခွဲ ဒါရိုက်တာနှင့် Primorsky Krai ၏ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့ရေးဆိုင်ရာ ဒုတိယဝန်ကြီးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး စက်ရုံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် လျှပ်စစ်ဓာတ်အားထိန်းချုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို လိုက်လံရှင်းပြသကြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းသို့ ရောက်ရှိရာ Executive director of Commercial Port of Vladivostok နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆိပ်ကမ်း၌ ခေတ်မီစက်ယန္တရားများဖြင့် ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို လိုက်လံရှင်းလင်း ပြသကြသည်။
ဒုတိယသမ္မတသည် ယမန်နေ့နံနက်ပိုင်းကလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး မစ္စတာရယ်ရှဲသငြိကော့ဗ်နှင့် ရုရှားအရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အဦ၌လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ PJSC Sberbank ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗလာဒီမာဆိနော့ဗ်နှင့် အဆိုပါအဆောက်အဦ၌လည်းကောင်း သီးခြားစီတွေ့ဆုံပြီး ရုရှား-မြန်မာ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
#News #Myanmar