
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဆိုင်းယော့မြို့နယ်အတွင်းအထောက်အထားမဲ့ မြန်မာနိုင်ငံသား (၆) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
စက်တင်ဘာလ (၃) ရက်က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်းရှိ ကန်ချနဘူရီ - စံဖန်ဘူရီအဝေးပြေး ကားလမ်းတွင် အရှိန်ဖြင့်မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ယာဉ်တစ်စီးအား ထိုင်းအဝေးပြေး လမ်းရဲတပ်ဖွဲ့နှင့် ဆိုင်းယော့မြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံတားဆီးခဲ့ရာ ထိုပစ်ကပ်ယာဉ်မှာအရှိန်လွန်ပြီး လမ်းဘေးသို့ထိုးကျသွားခဲ့သည်။
ထို့နောက် ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ထိုပစ်ကပ်ယာဉ်ပေါ်တွင် ယာဉ်မောင်းအဖြစ် မြန်မာနိုင်ငံသားတစ်ဦး နှင့်အတူ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား (၆) ဦးတို့အားတွေ့ရှိခဲ့ရ ကြောင်းနှင် ၎င်းတို့မှာ ထိုင်းအစိုးရမှ ထုတ်ပေးထားသည့် ကိုယ်ရေးအထောက်အထားစာရွက်စာတမ်းများ မရှိကြသည့်အပြင် ထိုင်းဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိကြကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်များအား ကိုးကား၍ ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။
ထိုင်းအာဏာပိုင်များမှ ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသားများအား ဘာသာပြန်မှတဆင့် စစ်ဆေးမေးမြန်း ခဲ့ကြရာ ပစ်ကပ်ကားဖြင့်လိုက်ပါလာကြသည့် မြန်မာနိုင်ငံသား (၆) ဦးမှာ ချွန်ဘူရီခရိုင်အတွင်း အလုပ်လုပ်ကိုင်ရန် သွားရောက်ကြခြင်းဖြစ်ကြောင်းနှင့် ပွဲစားခအဖြစ်တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၅၀၀၀) စီပးခဲ့ရကြောင်းကို ထွက်ဆိုထားကြသည်။
ထို့အတူ ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသားမှလည်း ထို ချွန်ဘူရီခရိုင်သို့သွားရောက်ကြမည့်သူများအား ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်အတွင်းရှိ လမ်းဘေးတောစပ်တစ်နေရာမှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ရာချဘူရီခရိုင်သို့ ပို့ဆောင်ပေးရန်သွားရောက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ပို့ဆောင်ပေးခြင်းအတွက် ပွဲစားထံမှ ထိုင်းဘတ်ငွေ (၂၄၀၀၀) ရရှိမည်ဖြစ်ကြောင်းနှင့် တရားဝမင်မြန်မာနိုင်ငံသားများအား သယ်ဆောင်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းကို ဝန်ခံထွက်ဆိုထားကြောင်း ထိုင်းသတင်းများက ဆိုထားကြသည်။
ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာရဲစခန်းတွင် ထိုင်းဥပဒေများအရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလ (၂) ရက်ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကန်ချနဘူရီမြို့ စစ်ဆေးရေးဂိတ်တွင် Mini Van အမျိုးအစားယာဉ်ဖြင့် လိုက်ပါလာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၇) ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ရ၍ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ကြရသေးကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
Photo Credit – Thai News