
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အထက(၁) ကျောင်းတွင် ၂၀၂၅/၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူး သုံးဘာသာ၊နှစ်ဘာသာ၊တစ်ဘာသာနှင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို စက်တင်ဘာလ ၄ ရက် နံနက် ၁၀ နာရီ ခန့်က ကျင်းပ ခဲ့သည်။
၂၀၂၅/၂၀၂၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး သုံးဘာသာ နှစ်ဦးအပါအဝင် ထူးချွန် စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ (၄၀)ဦး နှင့် ဘာသာရပ်အလိုက် ထူးချွန်စွာသင်ကြားပေးခဲ့ကြသည့် အထက်တန်းပြ ဆရာ/ဆရာမ (၈)ဦးတို့အားဂုဏ်ပြု ခဲ့ကြခြင်းဖြစ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြဝတီခရိုင်ပညာရေးမှုး ဦးစောဝါးလယ်ထူး နှင့် ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးမျိုးအောင် တို့မှ အမှာစကားများပြောကြားခဲ့ပြီး မြဝတီ အထက(၁)ကျောင်းအုပ်ဆရာကြီး ဦးအုံးမြင့်နှင့် (၃)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြဝတီခရိုင်ပညာရေးမှုး ဦးစောဝါးလယ်ထူး၊ ဒု.ခရိုင်ပညာရေးမှုး ဦးစောမင်းခင် ၊အထက(၁)မြဝတီ မှ ကျောင်းအုပ် ဆရာကြီး ဦးအုန်းမြင့်၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးမျိုးအောင် နှင့် တာဝန်ရှိသူများက တသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများကို ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင် ၊အထက်တန်းရှေ့နေ ဒေါ်သင်းသင်းရွှေ မိသားစု က တသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ (၄၀)ဦးနှင့် ဘာသာရပ်အလိုက် ထူးချွန်စွာ သင်ကြားပေးခဲ့ကြသည့် အထက်တန်းပြဆရာ/ဆရာမ (၈) ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၅)သောင်းစီအားလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဒေါ်ကြည်ကြည်စိန်မှ ဘာသာရပ်အလိုက် ထူးချွန်စွာသင်ကြားပေးခဲ့သည့် အထက်တန်းပြ ဆရာ/ဆရာမ (၈)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုချီးမြှင့်ငွေ (၅)သောင်းကျပ်စီအားလည်းကောင်း ကျောင်းသားမိဘ တစ်ဦးမှ ထိုအထပ်တန်းပြ ဆရာ/ဆရာမ (၈)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုချီးမြှင့်ငွေ (၁)သိန်းကျပ်စီအား လည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
၂၀၂၅/၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အထက(၁)မြဝတီ ကျောင်းမှ ဖြေဆိုသူ စုစုပေါင်း(၁၁၆)ဦးရှိခဲ့ရာ ထိုထဲတွင် (၃)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး (၂)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၄)ဦးအပါအဝင် စာမေးပွဲအောင်မြင်သူ (၄၀)ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၃၄.၄၈)ရာခိုင်နှုန်းဖြစ်ကြောင်း နှင့် ယခင် နှစ်ထက်အောင်ချက်ရာခိုင်နှုန်းမြင်တက်လာသော်လည်း ယခုနှစ်တွင် အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ဆရာ မိဘ ၊ကျောင်းအကျိုးတော်ဆောင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးပေးသွားမည် ဖြစ်ကြောင်သိရသည်။