Eleven Media Group

■ ဗီယက်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အညတရ သူရဲကောင်း စစ်သည်ဗိမာန်နှင့် ဟိုချီမင်း ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချ

ဗီယက်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် အညတရသူရဲကောင်းစစ်သည်ဗိမာန်နှင့် ဟိုချီမင်းဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချခဲ့ကြသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့(စက်တင်ဘာ ၅ ရက်)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ အညတရသူရဲကောင်းစစ်သည်ဗိမာန်နှင့် ဟိုချီမင်းဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အညတရသူရဲကောင်းစစ်သည်ဗိမာန်နှင့် ဟိုချီမင်းဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချခဲ့ခြင်း အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်တာ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ သည် ဗီယက်နမ်နိုင်ငံ သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။

ထို့အပြင် ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူ များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ကိစ္စများ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group