Eleven Media Group

ပဲခူးမြို့တွင် ရေကြီးရေလျှံနေစဉ် ရေနစ်သေဆုံးမှုနှစ်ကြိမ် ဖြစ်ပွားပြီး အမျိုးသားနှစ်ဦး သေဆုံး

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်ကာ မြို့ပေါ်ရပ်ကွက်အချို့အတွင်း ရေများဝင်ရောက်နေချိန် စက်တင်ဘာ ၂ ရက်နှင့် ၄ ရက်တို့တွင် ရေနစ်သေဆုံးမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပဲခူးမြို့ မဇင်းရပ်ကွက်၊ မဇင်း(၁)လမ်း၌ အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အသက် ၄၉ နှစ်အရွယ် ဦးသန်းဇော်ကို ၎င်း၏နေအိမ်အနီးတွင် ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ရပ်ကွက်အတွင်း ရေမြင့်တက်နေစဉ် ဦးသန်းဇော်သည် ၎င်း၏နေအိမ်အောက်ထပ်ရှိ ရေတိုင်ကီမှ ရေခပ်ရန် လှေဖြင့်ဆင်းသွားခဲ့ပြီးနောက် ရေတိုင်ကီအနီးတွင် ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင်လည်း ပဲခူးမြို့ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ နယ်မြေ(၁၃)၊ ကွက်သစ်(၅)၊ မြို့ဦးကင်းအနီးရှိ ရေမြောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဇင်ဘိုဘိုထွန်း၊ အသက် ၃၂ နှစ်၊ မြို့ဦးကင်း၊ ကွက်သစ်(၅)၊ နယ်မြေ(၁၃)၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ ပဲခူးမြို့နေသူ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ဖခင် ဦးထွန်းထွန်းဦးပြောပြချက်အရ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်အတွင်း ရေဝင်ရောက်နေသဖြင့် ဆန်နှင့်ဆီများ လာရောက်ပေးပို့ခဲ့ကြောင်း၊ ထိုသို့ လာရောက်ပေးပို့စဉ် ဇင်ဘိုဘိုထွန်းမှာ အရက်သေစာ သောက်စားထားပြီး နေအိမ်အနီးရှိ အနက် ၆ ပေခန့်၊ အကျယ် ၈ ပေခန့်ရှိ ရေအိုင်အတွင်း ရေဆင်းကူးခဲ့ရာ ရေစီးအရှိန်ဖြင့် မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။

ထို့နောက် မိသားစုဝင်များနှင့် အနီးဝန်းကျင်ရှိသူများက လိုက်လံရှာဖွေခဲ့ရာ မြို့ဦးကင်းအနီးရှိ ရေမြောင်းအတွင်း ဇင်ဘိုဘိုထွန်းအား မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် စက်တင်ဘာ ၂ ရက်နေ့မှစတင်၍ မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုများကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှ ရေဘေးသင့်ပြည်သူ ၅၀၀ နီးပါးခန့်အား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရပြီး ၊အခြေခံပညာကျောင်း ၁၃ ကျောင်းကိုလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group