Myanmar National Post

AA အကြမ်းဖက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ




နေပြည်တော်၊ စက်တင်ဘာ ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပျော်ဘွယ်မြို့နယ်၊ ဆိတ်ချိုကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာအနီး ပျော်ဘွယ် - နတ်မောက်သွားကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်စစ်ဆေးချက်အရ စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရမည်းသင်းမြို့နယ်၊ ပျဉ်ပြားရွာမှ အောင်လံမြို့နယ်၊ ကွမ်းလောင်းကျေးရွာသို့ သယ်ဆောင်ခိုင်းသူများဖြစ်ကြသည့် နေပိုင်စိုး(ခ)ဂျာကြီး(ခ)အောင်ကျော်မြင့် အား မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်)ရပ်ကွက်ရှိဟိုတယ်၌ HONDA INSIGHT ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ရန်ကုန် - မန္တလေးအမြန်လမ်း ၁၁၅ မိုင်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်စီမံခန့်ခွဲသူ ကျော်သာ(ခ)အောင်ကျော် နှင့်အတူ ကိုစိုး၊ ယုယုမော် တို့ ၃ ဦးအား စိတ်ကြွဆေးပြား ၁၉၄ ပြား(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၈ သိန်း)၊ မြန်မာငွေ ၉,၁၇၁,၅၀၀ ကျပ်၊ GRAND TIGER ယာဉ် ၁ စီးတို့နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့၏ဖော်ထုတ်ချက်အရ စက်တင်ဘာလ ၅ ရက်နေ့တွင် ရဲမင်းအောင်(ခ)ပါးသိုင်း အား ရမည်းသင်းမြို့နယ်၊ ပျဉ်ပြားကျေးရွာရှိ နေအိမ်၌လည်းကောင်း၊ အောင်လံမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်သူ မိုးအောင်(ခ)ဆလိုင်းမိုးအောင် အား ပြည်မြို့၊ ပြည်သာယာရပ်ကွက်တွင် NISSAN VANETTE ယာဉ် ၁ စီးနှင့်လည်းကောင်း၊ နေပိုင်စိုး(ခ)ဂျာကြီး(ခ)အောင်ကျော်မြင့် မှ စိတ်ကြွဆေးပြား သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် PAJERO ယာဉ်အား မိတ္ထီလာမြို့နယ်၊ ကွေ့ကြီးရွာအနီးတွင် လည်းကောင်း သိမ်းဆည်းရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နေ မောင်ဝင်း(ခ)အောင်စိန်(ခ)အောင်သိန်း(ခ)အောင်ထိန်(ဖမ်းဆီးရန်ကျန်)မှ ရမည်းသင်းမြို့နယ်သို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ အောင်လံသို့ ကျော်သာ(ခ)အောင်ကျော် ၏ အစီအမံဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး အောင်လံမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ သယ်ဆောင်သူများမှာ မိုးအောင်(ခ)ဆလိုင်းမိုးအောင်၊ ရဲအောင်(ဖမ်းဆီးရန်ကျန်)နှင့် ကိုဦး(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း၊ အမ်းမှ မောင်တောသို့ ဆက်လက်သယ်ဆောင်သူမှာ ရွှေလင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရပါသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်ပါဝင်သည့် ကျော်သာ(ခ)အောင်ကျော် နှင့် ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ အဓိကစီမံခန့်ခွဲသူ မောင်ဝင်း(ခ)အောင်စိန်(ခ)အောင်သိန်း(ခ)အောင်ထိန်(ဖမ်းဆီးရန်ကျန်)နှင့် ချိတ်ဆက်၍ ရခိုင်ပြည်နယ်၊ မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆက်လက်ပို့ဆောင်သူမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ နိုင်နိုင်ဦး ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွဆေးပြားများ အကြိမ်ကြိမ်သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post