
အီရန်၏တော်လှန်ရေးအစောင့်တပ်က စက်တင်ဘာ ၈ ရက်တွင် အမေရိကန်မောင်းသူမဲ့ ရေငုပ်သင်္ဘောကို ဟော်မုဇ်ရေလက်ကြား ၀င်ပေါက်တွင် သိမ်းဆည်းခဲ့သည်ဟု ထုတ်ပြန်လိုက်ပြီး ယင်းသည် စစ်ဆင်ရေးများတွင် ရေအောက်ဒရုန်းများအသုံးပြုပုံကို ရှားရှားပါးပါးရိုးတိုးရိတ်တိတ် မြင်လိုက်ရခြင်းဖြစ်သည်။
အီရန် အစိုးရပိုင်းမီဒီယာကပြောကြားရာတွင်အဆိုပါရေယာဉ်သည် ကယ်လီဖိုးနီးယား ကာကွယ်ရေးကုမ္ပဏီ Anduril က တည်ဆောက်သည့်အလိုအလျောက်မောင်းနှင်သောရေအောက်သွားအကြီးစားယာဉ် Dive-LD ဖြစ်သည်ဟု ဆိုသည်။
၅ ဒသမ ၈ မီတာ(၁၉ ပေ) အရှည်ရှိသောရေငုပ်သင်္ဘောသည် မိုင်းများရှင်းလင်းခြင်း၊ ပင်လယ်ရေအောက်ကြမ်းပြင်မြေပုံရေးဆွဲခြင်း၊ ထောက်လှမ်းရေးသတင်းစုဆောင်းခြင်း၊ ကေဘယ်များနှင့် ပိုက်လိုင်းများကဲ့သို့သောရေအောက် အခြေခံအဆောက်အအုံများကိုစစ်ဆေးခြင်းတို့အပါအဝင် မစ်ရှင်များကိုဆောင်ရွက်ပေးနိုင်သည်ဟု ကုမ္ပဏီကပြောကြားသည်။
"ကျွန်တော်တို့က အကြမ်းဖက်အမေရိကန်စစ်တပ်ရဲ့ခေတ်အမီဆုံး၊ ပညာသားအပါဆုံး မောင်းသူမဲ့ ရေငုပ်သင်္ဘောတစ်စင်းကို ဟော်မုဇ်ရေလက်ကြားရဲ့ ၀င်ပေါက်မှာသိမ်းဆည်းခဲ့ပါတယ်။ ဒီရေငုပ်သင်္ဘောမှာနောက်ဆုံးပေါ် နည်းပညာတွေတပ်ဆင်ထားပါတယ်"ဟု တော်လှန်ရေးအစောင့်တပ်(ရေတပ်)၏ထုတ်ပြန်ချက်ကို အီရန်အစိုးရပိုင်မီဒီယာကဖော်ပြခဲ့သည်။
ရေအောက်ဒရုန်းသည် လွန်ခဲ့သောတစ်ရက်ကျော်ကတည်းကချို့ယွင်းနေခဲ့သည်ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
"အဲဒီ ရေအောက်ဒရုန်းဟာလုပ်ဆောင်ဆဲစစ်ဆင်ရေးတွေကိုအထောက်အကူဖြစ်စေဖို့ဒေသဆိုင်ရာရေပြင်ကိုလေ့လာနေတာဖြစ်ပါတယ်။ စက်ချို့ယွင်းနေတဲ့ဒရုန်းဟာမော်ဒယ်အဟောင်းဖြစ်ပြီး အရေးကြီးတဲ့အချက်အ လက်တွေကို စုဆောင်းနိုင်တာမျိုးမလုပ်နိုင်သလို လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ဆိုနာ ဒါမှမဟုတ် ရေဒါတွေလည်းမပါဝင်ပါဘူး"ဟု ပြောရေးဆိုခွင့် ရှိသူကပြောကြားခဲ့သည်။
■ Ref:Reuters
■ Reuters photos