Eleven Media Group

■ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ၂၀၂၆ ခုနှစ် ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းဆူပြည်နယ် လျန်ယွန်းကန်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Global Public Security Cooperation Forum - Lianyungang) ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးညွန့်ဝင်းဆွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ယခုနှစ် ညီလာခံကို တရုတ်ချစ်ကြည်ရေးအသင်း (China Association for Friendship) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး “မတည်ငြိမ်သော ကမ္ဘာကြီးတွင် တည်ငြိမ်မှုရရှိစေရန်နှင့် ပြည်သူ့လုံခြုံရေး အုပ်ချုပ်မှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ကြစို့” (Unite to Advance Public Security Governance, Bring Stability to a Turbulent World) ဆိုသည့် အဓိက ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ကာ နိုင်ငံ၊ ဒေသနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲအစည်းပေါင်း ၁၃၉ ခုမှ ကိုယ်စားလှယ် ၂၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတွင် ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍများတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် တိုးမြှင့်သွားရေးတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ယခုကျင်းပသည့် ညီလာခံအတွင်း နိုင်ငံတကာ အသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ရွှေ့ပြောင်းနေထိုင်မှု စီမံခန့်ခွဲရေး၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ ပြည်သူ့လုံခြုံရေး နည်းပညာနှင့် စက်ကိရိယာများ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့၏ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလာရေး လုံခြုံရေးနှင့် နိုင်ငံတကာ လုံခြုံရေး ဝန်ဆောင်မှုများ စသည့် အဓိက ကဏ္ဍခွဲ ဖိုရမ် ရှစ်ခုကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။

ထို့ပြင် ညီလာခံကာလအတွင်း “ကမ္ဘာ့လုံခြုံရေး ညွှန်းကိန်း အစီရင်ခံစာ (၂၀၂၅-၂၀၂၆)”နှင့် “ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (လျန်ယွန်းကန်) နှစ်ပတ်လည် အစီရင်ခံစာ (၂၀၂၅-၂၀၂၆)” တို့ကို ထုတ်ပြန်ကြေညာမည်ဖြစ်ကာ တက်ရောက်လာသူများသည် တတိယအကြိမ်မြောက် ပြည်သူ့လုံခြုံရေး နည်းပညာပြပွဲ သို့လည်း သွားရောက်လေ့လာကြမည်ဖြစ်သည်။

ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (လျန်ယွန်းကန်) ကို ၂၀၂၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အဖွဲအစည်းအသီးသီးတို့၏ ကူညီပံ့ပိုးမှုဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား လက်တွေ့ကျသော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group