Myanmar National Post

ကချင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ဆောင်ရွက်ရမည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းသုံး ပစ္စည်းများသယ်ဆောင်နိုင်‌ရေး ညှိနှိုင်းဆွေးနွေး


မြစ်ကြီးနား၊ စက်တင်ဘာ ၁၄

ကချင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ရမည့်  တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအဆင်ပြေစွာ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးမှ ဝယ်ယူသယ်ဆောင်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများရရှိရေးသည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ မန္တလေး-မြစ်ကြီးနား လမ်းကြောင်းအတိုင်း သယ်ယူနိုင်ရေး နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းအလိုက် ဘိလပ်မြေ၊ သံချောင်းစသည့် အခြေခံလိုအပ်ချက်များ လုံလောက်စွာသယ်ယူရရှိရေး ဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကုန်သည်ကြီးများအသင်း၊ ကုန်စည်ပို့ဆောင်ရေးအသင်း၊ ကုန်မာဆိုင်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဝန်ကြီးဌာနအလိုက် ပြည်နယ်အတွင်းဆောင်ရွက်သွားမည့် အဆောက်အအုံ၊ လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများ လိုအပ်မည့်အရေအတွက်၊ လက်ရှိသယ်ယူလျက်ရှိသည့် လမ်းကြောင်း အခက်အခဲများ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


#News #Myanmar

မူရင်းသတင်း — Myanmar National Post