Myanmar National Post

ပေါင်မြို့နယ်၌ အသက်(၁၈)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား အမျိုးသားဘောလုံးပြိုင်ပွဲပြုလုပ်







ပေါင်၊ စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အသက် (၁၈) နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား  (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂:၃၀)နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင်များ၊ ပေါင်မြို့နယ် ဒုတိယမြို့နယ်မှူး ဒုရဲမှူးအောင်လွင်၊ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆန်းဦးက မြို့နယ် ဘောလုံးအားကစား အဆင့်အတန်းမြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက အထူးအာရုံစိုက်ပြီး ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများကလည်း စည်းမျဉ်း/စည်းကမ်း ဘောင်အတွင်း ကြိုးစားယှဉ်ပြိုင်ကြပါရန်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဥ်ပြိုင်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက သစ္စာအဓိဌာန်ရွတ်ဆို၍ ကျောင်းသားကျောင်းသူများက ကာယသရုပ်ပြခြင်းနှင့် ဘင်ခရာ၊ပန်းပွားအဖွဲ့ဝင်များမှ အလှပြဖျော်ဖြေခဲ့ပြီး သရုပ်ဖော်ဖြေဖျော်သောအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် အသက်(၁၈)နှစ်အောက်မြို့နယ်ပညာရေးမှူးဖလား (အမျိုးသား) ဘောလုံးပြိုင်ပွဲအား စက်တင်ဘာလ (၁၄)ရက်နေ့မှ အောက်တိုဘာလ (၅)ရက်နေ့ထိ မြို့မအားကစားကွင်းတွင် အခြေခံပညာအသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း(၁၆) သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။


မွန်မလေး

#News #Myanmar

မူရင်းသတင်း — Myanmar National Post