
ဖလမ်း၊ စက်တင်ဘာ ၁၇
ဖလမ်းမြို့၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိပြီ ဖြစ်သည့်အတွက် ယမန်နေ့မှ စတင်ပြီး ပြည်သူများ၏ MPT မိုဘိုင်းဖုန်း SIM card များ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်တို့နှင့် သွားရောက်ကြည့်ရှုအားပေးသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့တွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး MEC-CDMA ဖုန်းလိုင်းကိုသာ အသုံးပြုနေခြင်းဖြစ်ကာ ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT Mobile ဖုန်းလိုင်းပြန်လည်ရှိပြီဖြစ်သည့်အတွက် ပြည်နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများသည် ဖလမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခြေပြုပြီး MPT Mobile SIM card ကတ်ပျောက်၊ ကတ်ပျက်များကို ပြန်လည်လျှောက်ပေးခြင်း၊ SIM card များ မှတ်ပုံတင်ပေးခြင်းနှင့် SIM card အသစ်များ ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ 66/11kv ဓာတ်အားခွဲရုံအဆောက်အအုံ ပြန်လည်ပြုပြင်မှု၊ စက်ပစ္စည်းပျောက်ဆုံး၊ ပျက်စီးမှုအခြေအနေ၊ ဓာတ်အားခွဲရုံဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်မှု၊ ခရိုင်သစ်တောဦးစီးဌာန ရုံးအဆောက်အအုံ၊ အရာရှိနေအိမ်နှင့် ဝန်ထမ်းအိမ်ရာပြုပြင်နေမှု၊ မြို့နယ်သစ်တောဦးစီးဌာန ရုံးပြုပြင်နေမှု၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အခြေခံအဆောက်အအုံများကို ပြုပြင်နေသည့် ဒေသခံကုမ္ပဏီများအနေဖြင့် စေတနာထားကာ စံချိန်စံညွှန်းနှင့်အညီ ပစ္စည်းအရည်အသွေး၊ တည်ဆောက်မှုအရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးစေရေးတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar