

နန်နင်း၊ စက်တင်ဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် နန်နင်းမြို့ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ကျင်းပသည့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့အကြီးအကဲများက အဖွင့်မိန့်ခွန်းပြောကြားကြပြီး (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်- အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ပေးကြသည်။
ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် China-ASEAN EXPO သည် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးသည့် ပြပွဲတစ်ခုအဖြစ်သာမက ယုံကြည်မှုတည်ဆောက်ရေး၊ စီးပွားရေးအခွင့်အလမ်းများရှာဖွေရေး၊ နည်းပညာနှင့်အတွေ့အကြုံများဖလှယ်ရေးနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးတို့အတွက် အရေးပါသည့် စင်္ကြံတစ်ခုလည်းဖြစ်ကြောင်း။
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ASEAN-China Free Trade Area - ACFTA 3.0 တွင် ကဏ္ဍသစ်များဖြစ်သည့် ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးကဏ္ဍများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများကို ပိုမိုဖွင့်လှစ်ပေးနိုင်သည့်အပြင် လွတ်လပ်မျှတပြီး စည်းမျဉ်းအခြေခံသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ကုန်သွယ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်တာဝန်ယူပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ ၄ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၈) နိုင်ငံသို့ ခရီးစဉ်များသွားရောက်ခဲ့ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် နှစ်ဖက်အကျိုးရှိမည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်နှင့်လည်း မြန်မာ-တရုတ် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါထုတ်ပြန်ချက်သည် နှစ်နိုင်ငံအကြား တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် အပြန်အလှန်အကျိုးရှိမှုတို့အပေါ်အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားရန် သဘောတူခဲ့ကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ စွမ်းအင်၊ လျှပ်စစ်၊ ဒီဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တုနည်းပညာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများနှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက်လည်း သဘောတူခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ခိုင်မာ စေပြီး အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အာဆီယံ၏ အချက်အချာကျမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန်အကျိုးရှိမှုတို့အပေါ်အခြေခံ၍ ဆက်လက်မြှင့်တင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၏ တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်သို့ အာဆီယံနိုင်ငံများ၊ ဖိတ်ကြားထားသည့်နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်မိန့်ခွန်းပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းနှင့် ပြပွဲစင်တာ၌ကျင်းပသည့် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ ပဲခူးမြို့ (City Of Charm) ပြခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံပြခန်းများနှင့် အာဆီယံနိုင်ငံပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ပြခန်းပေါင်း ၈၁ ခန်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ လက်မှုအနုပညာပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို ခင်းကျင်းပြသလျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြခန်းစုစုပေါင်း ၁၀၀၀ ကျော်ခန့်ဖွင့်လှစ်ကာ နိုင်ငံအလိုက်ထွက်ကုန်များကို ခင်းကျင်းပြသလျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar