






ချင်း၊ စက်တင်ဘာ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ စက်တင်ဘာ(၁၇)ရက်နေ့တွင် ဖလမ်းမြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအား သွားရောက်အားပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖါရ်ထောက်ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ပညာရေးနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ၏ အာဟာရအုပ်စု လက်တွေ့သရုပ်ပြ ရှင်းလင်းမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများကို ပေးအပ်လှူဒါန်းပြီး KG ကလေးများကို အာဟာရတိုက်ကျွေးနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တစ်စိတ်တစ်ပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရုံးအဆောက်အအုံ၊ ဦးစီးအရာရှိနေအိမ် (၂)ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် (၄)ခန်းတွဲဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရုံးအဆောက်အအုံပြုပြင် ပြီးစီးမှုအားလည်းကောင်း၊ မိုးလေဝသဆိုင်ရာ စက်ကိရိယာများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၃)လုံး တစ်စိတ်တစ်ပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ချင်းပြည်နယ် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အအုံများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပထမအဆင့်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ အဆောက်အအုံများ တစ်စိတ်တစ်ပိုင်းပြုပြင်နေမှု လုပ်ငန်းအားလုံး၏ (၅၈ ဒသမ ၈)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း အလားတူတီးတိန်မြို့တွင် (၈၁ ဒသမ ၈)ရာခိုင်နှုန်းနှင့် ဖလမ်းမြို့တွင် (၅၈ ဒသမ ၃၈)ရာခိုင်နှုန်း အသီးသီးပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar