Myanmar National Post

နီကာရာဂွါ သမ္မတနိုင်ငံ၏ (၂၀၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်


ရန်ကုန်၊ စက်တင်ဘာ ၁၉

နီကာရာဂွါသမ္မတနိုင်ငံ၏ (၂၀၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယမန်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia နှင့်တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးနှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် နီကာရာဂွါ သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး   မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ  သံအမတ်ကြီးနှင့်  ပြည်ထောင်စုဝန်ကြီးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။     


#News #Myanmar

မူရင်းသတင်း — Myanmar National Post