Myanmar National Post

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ








နေပြည်တော်၊ စက်တင်ဘာ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံ (International Conference on Combating Online Scams) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး “ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အ‌ခြေအနေတစ်ရပ်ဖြစ်လာသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ညီလာခံသို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ ရာဇဝတ်ကွင်းဆက်များကို အမြစ်ပြတ်ချိုးဖျက်ရန် ခိုင်မာပြတ်သားစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုညီလာခံ၏ ဆောင်ပုဒ်ဖြစ်သည့် Acting together towards breaking the chain and eradication of online scams (အွန်လိုင်းလိမ်လည်မှုများအား အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ရာဇဝတ်ကွင်းဆက်များကို ဖြတ်တောက်ချိုးဖျက်နိုင်ရေးအတွက် လက်တွဲညီညီ စုပေါင်းဆောင်ရွက်ခြင်း) ဟူသော မျှော်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ရှေ့တန်းမှတက်ကြွစွာ ပါဝင်လျက်ရှိပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးသည် အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေတာဝန်ယူမှုတို့ဖြင့် လက်တွေ့မြေပြင်တွင် ချက်ချင်းအရေးယူဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း၊ လက်တွဲညီညီ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်ကွင်းဆက်အားလုံးကို ချိုးဖျက်နိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တွန်းလှန်တိုက်ဖျက်သွားနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Yang Weilin ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တိုက်ဖျက်နိုင်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Mr. Sar Sokha နှင့်တွေ့ဆုံ၍ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအပါအဝင် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး မွန်းလွဲပိုင်းတွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာညီလာခံပိတ်ပွဲသို့ ဆက်လက်တက်ရောက်ခဲ့သည်။

ခရီးစဉ်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ မျှဝေဆွေးနွေးနိုင်ခဲ့ပြီး အပြုသဘောဆောင်သည့် ရလဒ်များရရှိခဲ့ကြောင်း သိရသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post