
ဝါရှင်တန်၊ စက်တင်ဘာ ၂၆
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြီးအကဲများသည် အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ အရေးကြီး နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြရာ ရလဒ်သဘောတူညီချက် ၈ ရပ် ရရှိခဲ့သည်။
၁။ နှစ်ဖက်က “လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် ဆက်ဆံရေး” အား အတူတကွတည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။
၂။ နှစ်ဖက်က အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အလွတ်သဘော အစည်းအဝေးနှင့် G20 အကြီးအကဲများ ထိပ်သီးအစည်းအဝေး ကောင်းမွန်စွာ ကျင်းပနိုင်ရေးအတွက် အပြန်အလှန် ထောက်ခံအားပေးသွားရန် သဘောတူညီခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲတို့ကလည်း တစ်ဖက် ကြီးမှူးကျင်းပသော အစည်းအဝေးအား တက်ရောက်ရန် ဆန္ဒရှိသည်။
၃။ အီရန်အနေဖြင့် နျူကလီးယားလက်နက် မဖော်ဆောင်ရေး ကတိအား ထမ်းဆောင်သင့်ကြောင်း၊ မည်သည့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းမဆို နိုင်ငံတကာရေကြောင်းလမ်းတွင် ဖြတ်သန်းမှု အခကြေးငွေ ကောက်ခံခြင်းမပြုသင့်ကြောင်း နှစ်နိုင်ငံအကြီးအကဲများက သဘောတူညီခဲ့သည်။
၄။ နှစ်နိုင်ငံအကြီးအကဲတို့က တရုတ်နှင့် အမေရိကန်တို့သည် ဒုတိယကမ္ဘာစစ် မဟာမိတ်များဖြစ်ကြပြီး ပခုံးချင်းယှဉ် တိုက်ပွဲဆင်နွှဲ၍ စစ်ပွဲအောင်နိုင်မှု ရရှိခဲ့သည်ကို ပြန်လည်အောက်မေ့ခဲ့သည်။
၅။ နှစ်နိုင်ငံ အကြီးအကဲက တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု ယန္တရား၏ အပြုသဘောဆောင်သော အခန်းကဏ္ဍနှင့် နှစ်ဖက် ကုန်သွယ်စီးပွားရေး အဖွဲ့၏ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကို အသိအမှတ်ပြုခဲ့သည်။ ၎င်းရလဒ်များတွင် ကုန်သွယ်ရေးကောင်စီ စသည့် ယန္တရားအား တည်ထောင်၍ တွန်းအားပေးဖော်ဆောင်ခြင်း၊ “ကန်ဒေါ်လာ ၃၀ ဘီလီယံ” အလားတူစည်းကြပ်ခွန် လျှော့ချမှု အစီအစဉ် သဘောတူညီချက်ရရှိခြင်း၊ ကွာလာလမ်ပူ ကုန်သွယ်စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုရလဒ်အား သက်တမ်းတိုးခြင်း စသည်တို့ ပါဝင်ပြီး ၎င်းရလဒ်များအား အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည်။
၆။ တရုတ်-အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနများ ပူးပေါင်းဆောင်ရွက်မှုသည် တွေ့မြင်နိုင်သော ရလဒ်များ ရရှိခဲ့သည်။ လတ်တလောကာလတွင် နှစ်ဖက်က နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဒြပ်ပေါင်းအသစ်နှင့် ပရီကာဆာဓာတုပစ္စည်းနှင့် စပ်လျဉ်းသည့်အမှုများစွာကို ပူးတွဲဖော်ထုတ်ခဲ့ပြီး နှစ်နိုင်ငံတွင် သက်ဆိုင်ရာ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ဒါဇင်နှင့်ချီ၍ ဖမ်းဆီးရမိခဲ့သည်။
၇။ နှစ်ဖက်က တရုတ်-အမေရိကန် ဉာဏ်ရည်တု (AI) တွေ့ဆုံဆွေးနွေးမှု တည်ထောင်၍ AI သက်ဆိုင်ရာ အန္တရာယ်နှင့် အကျိုးစီးပွားများအား ဖလှယ်ရန် သဘောတူညီခဲ့သည်။ လာမည့်အကြိမ် တွေ့ဆုံဆွေးနွေးမှုကို ယခုနှစ် နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်သည်။ နှစ်ဖက်က AI ဖြစ်စဉ် ချိတ်ဆက်ညှိနှိုင်းမှုလမ်းကြောင်း တည်ထောင်ရန် သဘောတူညီခဲ့သည်။
၈။ အမေရိကန်အနေဖြင့် တရုတ်က အမေရိကန် အတ္တလန်တာ တိရစ္ဆာန်ဥယျာဉ်သို့ ငှားရမ်းပေးသည့် ပန်ဒါဝက်ဝံကြီးနှစ်ကောင် အမေရိကန်သို့ ရောက်ရှိလာခြင်းအား ကြိုဆိုသည်။
ထို့ပြင် တရုတ်-အမေရိကန် နှစ်နိုင်ငံ တပ်မတော်က အကျပ်အတည်းဆိုင်ရာ ချိတ်ဆက်မှုနှင့် ကြိုတင်ကာကွယ်မှု မြှင့်တင်ရေး နားလည်မှုစာချွန်လွှာအား ဆောလျင်စွာ လက်မှတ်ရေးထိုးရန်၊ တရုတ်နိုင်ငံ၌ ပျောက်ဆုံးသွားသော အမေရိကန်စစ်တပ် လူပုဂ္ဂိုလ်များ၏ ရုပ်ကြွင်းအား ဆက်လက် ပူးပေါင်းရှာဖွေသွားရန် သဘောတူညီခဲ့သည်။
Ref - (Xinhua)
#News #Myanmar