Eleven Media Group

■ဘန်ကောက်တွင် မိုးရွာသွန်းပြီး ရေကြီးသော်လည်း စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ လာရောက်ကြည့်ရှုသူများပြား

ဘန်ကောက်တွင် မိုးရွာသွန်းပြီး ရေကြီးသော်လည်း စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ လာရောက်ကြည့်ရှုသူများပြားခဲ့ ကြောင်း သိရသည်။

စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဘန်နီဖြိုး၊ Bobby Soxer ပါဝင်ဖျော်ဖြေသည့် A Night in Bangkok ရှိုးပွဲကို စက်တင်ဘာ ၂၆ ရက်က ညပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ PHENIX Pratunam အဆောက်အဦး၏ ငါးလွှာရှိ Grand Ballroom တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့တွင် ရေကြီးနေခြင်းကြောင့် သွားလာရေးအခက်အခဲရှိသဖြင့် ရှိုးပွဲမစတင်မီတွင် လက်မှတ် ဝယ်ယူထားသူအချို့က လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့လက်မှတ်များကို ပြန်လည်ရောင်းချခဲ့သည်ကို တွေ့ရသော်လည်း အမှန်တကယ်ပွဲကျင်းပချိန်တွင် လာရောက်သူများပြားခဲ့သည်ကို လူမှုကွန်ရက်တွင် လွှင့်တင်ထားသည့် ရှိုးပွဲရုပ်သံဖိုင်များတွင် တွေ့ရသည်။

စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဘန်နီဖြိုး၊ Bobby Soxer ပါဝင်ဖျောဖြေသည့် A Night in Bangkok ရှိုးပွဲ လက်မှတ်ခများမှာ ထိုင်းဘတ် ၈၀၀၊ ၁၀၀၀ နှစ်မျိုးသတ်မှတ်ထားသည့်အပြင် ထိုင်းဘတ် ၃၀၀၀၀ တန် Private Balconyနှင့် ထိုင်းဘတ် ၂၅၀၀၀ တန် Premium Balcony အမျိုးအစား စုစုပေါင်း ၁၆ ဝိုင်း ရောင်းချထားကာ သတ်မှတ်လက်မှတ်အရေအတွက် အားလုံးရောင်းချခဲ့ရကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၆ ရက်က မန္တလေးမြို့ The First Mandalay Event Parkတွင် ပြုလုပ်ခဲ့သည့် စိုင်းစိုင်းခမ်းလှိုင်၏ ရှိုးပွဲတွင်လည်း ပရိသတ်အများအပြားလာရောက် အားပေးခဲ့ကြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ရေလွှမ်းမိုးမှုဘေးအန္တရာယ်ကြေညာချက်ကို စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့ပြီး သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဘန်ကောက်ရှိ ခရိုင် ၅၀ စလုံးတွင် အဆိုပါ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းမှစ၍ မိုးရေချိန် ၁၁ ဒသမ ၈ လက်မ ရွာသွန်းခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီးနောက် ဒေသဆိုင်ရာ အဖွဲ့အစည်းများကို အရေးယူဆောင်ရွက်ခွင့် အာဏာပေးအပ်ထားသည့် အဆိုပါ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်ကလည်း ထိုင်းနိုင်ငံတစ်ဝန်း ဆိုးရွားသည့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့က လူဦးရေ ၅၀၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။

မူရင်းသတင်း — Eleven Media Group