
နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်ခြင်းအပြင် မိသားစုအပေါ်သစ္စာဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားသည်။
စက်တင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုများနှင့်အတူ မွေးဖွားလာခဲ့သည့် တပ်မတော်ဖြစ်ပြီး တိုင်းပြည်၏ ခက်ခဲနက်နဲသော သမိုင်းအကွေ့အကောက်တိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူကို အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ရှေ့တန်းကမားမားမတ်မတ် ကာကွယ် စောင့်ရှောက်ခဲ့သည့် သမိုင်းကြောင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးသည် အမျိုးသားရေး မူဝါဒဖြစ်သည့် တို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲ ဦးထိပ်ပန်းဆင်ပြီး သစ္စာရှိစွာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်သည် အခြားသောဌာနဆိုင်ရာများနှင့် ဖွဲ့စည်းမှုအရ၊ လုပ်ငန်းတာဝန်အရ ခြားနားသော သဘောသဘာဝရှိကြောင်း၊ တပ်တွင်းတွင် မိသားစုနှင့်အတူ နေထိုင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် တပ်မှူးနှင့် ဇနီးတို့၏ မိဘသဖွယ်မျှတသောအုပ်ချုပ်မှုသည် အရေးကြီးကြောင်း၊ တပ်မှူးနှင့် တာဝန်ရှိသူများသည် တော်တည့်မှန်ကန်စွာအုပ်ချုပ်နေရန် လိုအပ်သကဲ့သို့ ကွပ်ကဲမှုအောက်တွင်ရှိသော အရာရှိ၊ စစ်သည်များကလည်း နောက်လိုက်ကောင်းများအဖြစ် အမိန့်နာခံ၍ စည်းကမ်းကောင်းမွန်နေရန်လိုကြောင်း၊ မြို့ပြင်တွင်နေထိုင်သူများဖြစ်၍ ကောင်းမွန်သောအခွင့်အလမ်းများကို မှန်မှန်ကန်ကန် အသုံးပြုရန်လိုအပ်ပြီး တပ်မတော်၏မူဝါဒနှင့် စည်းကမ်းများကို သိရှိပြီး လိုက်နာစောင့်ထိန်း ကြရန်လိုကြောင်း ၎င်းက ဆိုသည်။
တပ်မတော်တွင် သစ္စာဖောက်ဖျက်မှု၊ စစ်ဆင်ရေးမှု၊ မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်၍ လုံးဝခွင့်လွှတ်၍ မရသည့် အမှုကိစ္စများဖြစ်ကြောင်း၊ သစ္စာဖောက်ဖျက်မှုဆိုရာတွင် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်ခြင်းအပြင် မိသားစုအပေါ်သစ္စာဖောက်ခြင်းလည်းပါဝင်၍ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန်မှာ တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေရန်လိုအပ်ပြီး စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိများရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးပြုနိုင်ရန်လိုကြောင်းနှင့် ပြည်သူကယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ဆိုသည်။
တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရည်မြင့်မားစေရေးအတွက် လိုအပ်သည်များ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘများအနေဖြင့်လည်း စစ်သည်များ၊ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင် စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း ၎င်းက ပြောကြားသည်။
တစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်စေရေးအတွက် စာပေဖတ်ရှုလေ့လာသွားရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိကိုယ်ကိုယ်အကျိုးဖြစ်ထွန်းစေမည့် စာပေဗဟုသုတလေ့လာခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ စာပေဖတ်ရှုခြင်း၊ အကြောင်းအရာများကို မှတ်သားခြင်း၊ လက်တွေ့ကြုံတွေ့လာရသည့် အခြေအနေတွင် ၎င်းအကြောင်းအရာကို အကျိုးရှိရှိအသုံးပြုခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့သိရှိထားသည့် အကြောင်းအရာများကို အခြားသူများကို မျှဝေပေးခြင်းသည်လည်း ကောင်းမွန်သည့် အမူအကျင့်ကောင်းတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စာပေဖတ်မှတ်လေ့လာခြင်းကို အမြဲမပြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ဆိုသည်။
ခေါင်းဆောင်မှုနှင့် ပတ်သက်ပါက တပ်မှူးအသီးသီးသည် မှန်ကန်သည့် ဦးဆောင်မှုနှင့် လုပ်ဆောင်ပါက လက်အောက်ငယ်သားများက တပ်မှူးအပေါ် ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့မှူးများ ခေါင်းဆောင်မှုကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစုဝင်များက ယုံကြည်မှုရှိ၍ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူများအနေဖြင့် လက်အောက်၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့နှင့် ထိတွေ့မှုများစွာရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ ထိတွေ့မှုများပြုလုပ်ခြင်းသည် စစ်သည်များစိတ်ဓာတ် မြင့်မားရေးနှင့် တပ်အင်အားတောင့်တင်းခိုင်မာရေးအတွက် လုပ်ဆောင်ရမည့်အချက်ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်သည် လက်အောက်ငယ်သားအပေါ် ကျောသား၊ ရင်သား မခွဲခြားဘဲ အမိအဖစိတ်ထားဖြင့် အုပ်ချုပ်ကွပ်ကဲရန်လိုကြောင်း၊ သို့မှသာမိမိတို့တပ်မတော်၏ အရည်အသွေးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရေကြောင်းလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကိုလည်း အမျိုးသားလုံခြုံရေးပြဿနာအဖြစ် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြောင်းလုံခြုံရေးကဏ္ဍအပါအဝင် ခြိမ်းခြောက်မှုများနှင့် ပဋိပက္ခများအပေါ် ကြိုတင်တွက်ဆပြီး မဟာဗျူဟာပန်းတိုင်များ ချမှတ်ကာ ဒေသတွင်းရေတပ်များနှင့် ရင်ဘောင်တန်းနိုင်သော ရေတပ်ဖွဲ့တစ်ခုအဖြစ် အစဉ်မျှော်မှန်း တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့၏ သီးသန့်စီးပွားရေးဇုန်အတွင်းရှိ အချုပ်အခြာအာဏာနှင့် ရေပြင်ပိုင်နက်ကို အကြွင်းမဲ့ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းကုန်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် ပင်လယ်ရေကြောင်းလုံခြုံရေးတာဝန်များကို ထိရောက်စွာထမ်းဆောင်ရန်၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကမ်းလွန်ပင်လယ်ပြင်အထိ အကာအကွယ် ပေးရန်တို့ကို မျှော်မှန်း၍ ပြင်ဆင်လေ့ကျင့်နေရန်လိုကြောင်း၊ တပ်မတော် (ရေ) မှ ရဲဘော်ရဲဘက်အားလုံး အနေဖြင့် စွမ်းရည်များ ပြည့်ဝကာ နိုင်ငံတော်နှင့်ပြည်သူကအားကိုးရသည့် ခေတ်မီတပ်မတော် (ရေ) အဖြစ် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြသည်။