Eleven Media Group

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို ဘားအံတွင် ပြုလုပ်

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဖိုရမ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းလေးစောင်ကို အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ် စီမံချက်များကို သုံးသပ်အကြံပြု ဆွေးနွေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုရမ်သို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အကြံပေးအဖွဲ့ ခေါင်းဆောင်၊ ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြမည့် ပညာရှင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖိုရမ်တွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသောဖိုရမ်သည် ငြိမ်းချမ်းရေးကို ပိုမိုနက်ရှိုင်းစွာ နားလည်ရန်၊ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ရန်၊ တိုင်းရင်းသားများ၏ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ ကျသော အမြင်များ ဖော်ထုတ်နိုင်ရန် အရေးကြီးသော အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပြီး ဖိုရမ်မှထွက်ပေါ် လာမည့် ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိသော ရလဒ်ကောင်းများ ဖြစ်ပေါ်စေကာ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန် စေရေးအတွက် အမှန်တကယ် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူ ဦးသက်နိုင်ဝင်း၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးဇော်အေးမောင်၊ ငြိမ်းချမ်းရေးကိုယ်စားလှယ် NCA/EAO များဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောရွှေဝ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားတပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးတို့က ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အသိပညာများ၊ အတွေ့အကြုံများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဖာပွန်မြို့နယ်ကိုယ်စားလှယ်တို့က ကရင်ပြည်နယ် အတွင်း ဒေသအလိုက် ပဋိပက္ခ ဒဏ်ခံရသူများ၏ အသံနှင့်ပဋိပက္ခများ လျှော့ချ ရပ်တန့်စေရေး ဆန္ဒများကို လည်းကောင်း၊ အဖွဲ့(၁) ကိုယ်စားလှယ် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ကရင် ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရေး စာတမ်းကိုလည်းကောင်း၊ အဖွဲ့ (၂) ကိုယ်စားလှယ် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကိုလည်းကောင်း ဆွေးနွေး ဖတ်ကြားကြသည်။

မူရင်းသတင်း — Eleven Media Group