Eleven Media Group

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးကဏ္ဍမှ မိတ်ဖက်များ စုစည်းပါဝင်သည့် တွေ့ဆုံပွဲ FlightForward ကျင်းပ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးကဏ္ဍမှ မိတ်ဖက်များ စုစည်းပါဝင်သည့် တွေ့ဆုံပွဲ FlightForward ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် သံတမန်ကိုယ်စားလှယ်များ၊ MAI Sky Smile Diamond အဖွဲ့ဝင်များ၊ မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အစည်းများ၊ B2B Corporate မိတ်ဖက်များ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမိတ်ဖက်များ၊ မီဒီယာကိုယ်စားလှယ်များနှင့် Brand Ambassador များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲသည် လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးအသိုက်အဝန်းများအကြား ဆက်ဆံရေးများ ပိုမိုခိုင်မာစေရန် MAI ၏ ဆက်လက်ကြိုးပမ်းမှုကို ဖော်ပြခဲ့ပြီး မိတ်ဖက်များအကြား အမြင်များဖလှယ်ခြင်း၊ ပူးပေါင်းအောင်မြင်မှုများကို အသိအမှတ်ပြုခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေခြင်းတို့အတွက် ပလက်ဖောင်းတစ်ရပ် ဖန်တီးပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် MAI Experience၊ Taste of Myanmar၊ Digitalisation၊ Sky Smile၊ Home of Myanmar နှင့် MAI ၏ ယူနီဖောင်းနှင့် လေယာဉ်များ၏ ဆင့်ကဲပြောင်းလဲလာမှုတို့ကို ကိုယ်စားပြုသည့် အထူးဒီဇိုင်း Booth များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည်တွင်းမီဒီယာများလည်း တက်ရောက်ခဲ့ကြပြီး MAI ၏ စီးပွားရေး၊ လေကြောင်းနှင့် လူမှုအသိုက်အဝန်းများနှင့် ကျယ်ပြန့်စွာ ချိတ်ဆက်ဆောင်ရွက်နေမှုကို ထင်ဟပ်စေခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် Myanmar Trade Partner၊ Strategic Partner နှင့် International Trade Partner ဟူ၍ မိတ်ဖက်ဆက်ဆံရေး၏ ကဏ္ဍအသီးသီးကို ဖော်ပြသည့် မိတ်ဖက်အစည်းအဝေး သုံးရပ် ပါဝင်ခဲ့ကြောင်း၊ Myanmar Trade Partner Session တွင် ပြည်တွင်းခရီးသွားလုပ်ငန်းမိတ်ဖက်များနှင့် အပြန်အလှန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အသိအမှတ်ပြုမှုများကို အဓိကထားဆောင်ရွက်ခဲ့ပြီး KBZMS ၏ Chief Executive Officer၊ MTG International Company ၏ Director နှင့် RVi Group/Bagan Run ၏ Chief Executive Officer တို့နှင့် MAI အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် MAI ၏ Brand Ambassador များ ပါဝင်သည့် Panel Discussion ကို ဆက်လက်ပြုလုပ်ခဲ့ပြီး Asian နှင့် World Bodybuilding Champion ကိုရဲထွန်းနိုင်၊ မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားချန်ပီယံ ကိုဘုန်းပြည့်နိုင်နှင့် မြန်မာ့အမျိုးသားကြက်တောင်အားကစား နံပါတ် (၁) အဆင့်ရှိသူ မသက်ထားသူဇာတို့က မိတ်ဖက်ဆက်ဆံရေး၊ အောင်မြင်မှုနှင့် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ကိုယ်စားပြုဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်သည့် ၎င်းတို့၏ အမြင်များကို မျှဝေခဲ့ကြကြောင်း၊ ထို့နောက် MAI ၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် အစဉ်တစိုက် ပံ့ပိုးကူညီပေးခဲ့ကြသည့် ခရီးသွားအေဂျင်စီမိတ်ဖက်များအား ကျေးဇူးတင်အသိအမှတ်ပြုသည့် ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် MAI ၏ ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ကွန်ရက်သို့ ဆက်လက်ချိတ်ဆက်သွားသည့် Strategic Partner Session တွင် Mandalay Region Chamber of Commerce & Industry ၏ Director နှင့် Victory Myanmar Group ၏ Chief Executive Officer တို့နှင့် MAI အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လေကြောင်းကဏ္ဍများအကြား ဆက်ဆံရေးများ ပိုမိုခိုင်မာစေရန် MAI ၏ ဆက်လက်အာရုံစိုက်ဆောင်ရွက်မှုကို ထင်ဟပ်စေခဲ့ကြောင်း သိရသည်။

မိတ်ဖက်အဖွဲ့အစည်းနှစ်ရပ်မှ ကိုယ်စားလှယ်များကလည်း MAI နှင့် ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသည့် တန်ဖိုးနှင့် အပြန်အလှန်ဆက်ဆံရေးအပေါ် ၎င်းတို့၏အမြင်များကို မျှဝေပြောကြားခဲ့ကြပြီး MAI ၏ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်စကားများကိုလည်း ပြောကြားခဲ့ကြသည်။

ထို့နောက် MAI ၏ လုပ်ငန်းလည်ပတ်မှုများနှင့် ပိုမိုကျယ်ပြန့်သည့် လေကြောင်းကဏ္ဍအတွင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေးနေသည့် Yangon Aerodrome Company Limited (YACL) အား ကျေးဇူးတင်အသိအမှတ်ပြုဆု ပေးအပ်ခဲ့ကြောင်း သိရသည်။

International Trade Partner Session တွင် MAI ၏ အပြည်ပြည်ဆိုင်ရာ GSA မိတ်ဖက်များ စုစည်း၍ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြင်များကို ဖလှယ်ခဲ့ကြကြောင်း၊ MAI ၏ Chief Executive Officer Mr. Tanes Kumar မှ တင်ပြချက်အပြီး AirlinePros (USA)၊ Meebang Air Agencies (South Korea)၊ Deks Air (Singapore)၊ STIC Travel Group (India)၊ Sky Pacific (Thailand)၊ Abadi Aviation (Malaysia)၊ Sky Pacific (Vietnam) နှင့် IACC Indochina Aviation Centre (Cambodia) တို့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာဈေးကွက်များကိုယ်စား အမှာစကားများ ပြောကြားခဲ့ပြီး MAI နှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်များနှင့် MAI ၏ ဆက်လက်ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ထို့နောက် ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမိတ်ဖက်များအား Appreciation Awards များ ချီးမြှင့်ခဲ့ပြီး AirlinePros အား Best Group Award နှင့် Meebang Air Agencies အား Best Performance Award တို့ဖြင့် အထူးအသိအမှတ်ပြုခဲ့ပါသည်။

FlightForward ၏ အဓိကအစီအစဉ်တစ်ရပ်အဖြစ် MAI ၏ Chief Executive Officer Mr. Tanes Kumar သည် လေကြောင်းလိုင်း၏ Digitalisation၊ Innovation နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အခြေခံ၍ ဆက်လက်တိုးတက်ပြောင်းလဲလာမှုကို တင်ပြခဲ့ပြီး ခရီးသည်များနှင့် မိတ်ဖက်များအတွက် ပိုမိုချိတ်ဆက်ပြီး ချောမွေ့သည့် အတွေ့အကြုံတစ်ရပ် ဖန်တီးပေးရန် MAI ၏ ရည်မှန်းချက်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုတင်ပြမှုအတွင်း Sky Smile Loyalty Programme ၏ နောက်ဆုံးအဆင့်မြှင့်တင်မှုဖြစ်သည့် “Diamond Plus” ကိုလည်း ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး MAI ၏ တန်ဖိုးအရှိဆုံး Loyalty Member များအတွက် ပိုမိုအဆင့်မြင့်သည့် ထူးခြားအခွင့်အရေးများကို ရရှိစေမည့် Tier အသစ်တစ်ရပ်အဖြစ် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါတင်ပြမှုသည် ယနေ့ခေတ်ခရီးသွားများ၏ ပြောင်းလဲလာသည့် မျှော်မှန်းချက်များနှင့်အညီ MAI ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းနေမှုနှင့် လေကြောင်းလိုင်း၏ နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတွက် ပိုမိုခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ရပ် တည်ဆောက်နေမှုကို ထင်ဟပ်စေခဲ့ကြောင်း သိရသည်။

တရားဝင်အစီအစဉ်များအပြင် FlightForward သည် မြန်မာနိုင်ငံ၏ ခရီးသွားလာရေးနှင့် လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် အခန်းကဏ္ဍအသီးသီးမှ ပါဝင်နေကြသူများနှင့် အဖွဲ့အစည်းများအကြား အပြန်အလှန်တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အလမ်းကိုလည်း ဖန်တီးပေးခဲ့ကြကြောင်း၊ MAI သည် မိမိကိုယ်စားပြုသည့် မြန်မာနိုင်ငံနှင့် ခိုင်မာစွာချိတ်ဆက်နေသည့် လေကြောင်းလိုင်းတစ်ရပ်အဖြစ် မြန်မာ့ရိုးရာစောင်းတီးဂီတ၊ သီချင်းနှင့် အကအလှများကိုလည်း အစီအစဉ်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် MAI ၏ တန်ဖိုးထားမှုကို ထင်ဟပ်စေခဲ့ကြောင်း သိရသည်။

လေကြောင်းကဏ္ဍ၏ အနာဂတ်သည် လေကြောင်းလိုင်းတစ်ခု ပျံသန်းသည့် ခရီးစဉ်များနှင့်သာ သတ်မှတ်ထားခြင်းမဟုတ်ဘဲ ချိတ်ဆက်မှုများကို အကောင်အထည်ဖော်ပေးသည့် မိတ်ဖက်များ၊ လူများနှင့် အတူတကွ ရှေ့ဆက်လိုသည့် ရည်မှန်းချက်များ၏ ပေါင်းစပ်အားဖြင့် ပုံဖော်တည်ဆောက်သွားခြင်းဖြစ်ကြောင်း FlightForward က ထင်ဟပ်စေခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group