
မော်လမြိုင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် မီတာခကြွေးကျန်များ ရရှိစေရေးအတွက် စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ပြည်နယ်လျှပ်စစ်၊ မော်လမြိုင်ခရိုင်နှင့် မော်လမြိုင်မြို့နယ်လျှပ်စစ်ဌာနတို့မှ အဖွဲ့စုံဖြင့် မော်လမြိုင်မြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် မီတာခ ကြွေးကျန်များ ရရှိစေရေးအတွက် စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ စက်တင်ဘာလ (၂၆) ရက်က မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်၊ ရွှေလမ်း၊ မြို့နယ်သ/မဆေးခန်း အမည်ပေါက် အိမ်သုံးမီတာ တစ်လုံးတည်းဖြင့် ကန်ထရိုက်တိုက် အခန်း (၂၀) အား တရားမဝင်ဓာတ်အားသုံးစွဲနေသည်ကို စစ်ဆေးတွေရှိသည့်အတွက် ဓာတ်အားဖြတ်တောက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဌာနနှင့် နီးစပ်သူတစ်ဦးကပြောသည်။
၎င်းကဆက်လက်ပြီး "တရားမဝင်ဓာတ်အားသုံးစွဲမှုအတွက် ဒဏ်ကြေး တောင်းခံ အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်" ဟု ပြောကြားသည်။
မော်လမြိုင်မြို့နယ်အတွင်းရှိ ကန်ထရိုက်တိုက်ခန်းများ၌ ယခုကဲ့သို့ မီတာမရှိဘဲ တရားမဝင် ဓာတ်အားသုံးစွဲမှုများ အများအပြားရှိနေသည့်ကြောင့် ရှောင်တခင်စစ်ဆေးမှုများ အလေးထား လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း သိရကြောင်း ၎င်းကဆိုသည်။
ထို့အပြင် မော်လမြိုင်မြို့နယ်အတွင်း မြေကွက်ရိုက်ပြီး တရားမဝင်ဓါတ်အားလိုင်းများ သွယ်တန်းကာ လျှပ်စစ်ဓါတ်အားများ သုံးစွဲနေကြသူများကိုလည်း စစ်ဆေးဖေါ်ထုတ်အရေးယူသွားမည်ဟုလည်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် ကန်ထရိုက်တိုက်များအပြင် မြေကွက်ရိုက်ပြီး တရားမဝင်ဓါတ်အားလိုင်းများ သွယ်တန်းထားခြင်းကြောင့် ဒေသတွင်းလျှပ်စစ်သုံးစွဲသူများ ဓါတ်အားသုံးစွဲရာတွင် အပြည့်အဝ မရရှိမှုများဖြစ်ပေါ်လျက်ရှိသည်။